Menu

You are here

Toyota Caldina

ပြည်တွင်းဈေးကွက်ထဲမှာ အခုအချိန်ထိ တန်ဖိုးအပြောင်းအလဲနည်း ပါးပြီး လူကြိုက်များတဲ့ ကားတစ်စီးဖြစ်နေသေးတဲ့ တိုယိုတာ Caldina စက်ရုပ်အကြောင်းကို 7Day Cars ပရိသတ်အတွက် ရွေး ချယ်ဖော်ပြပေးလိုက်ပါတယ်။

Caldina ဆိုရင် ပြည်တွင်းဈေးကွက်ထဲမှာ ကြက်တူရွေးလို့လူသိများတဲ့ Caldina Van Modelကတည်းက လူကြိုက်များခဲ့ကြ တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ထုတ်လုပ်လာတဲ့ Caldina စက် ရုပ်ဖြစ်လာချိန်မှာတော့ ပြည်တွင်းဈေးကွက်ထဲမှာ လူကြိုက်အများ ဆုံးကားတစ်စီးဖြစ်လာခဲ့ပါတယ်။

တိုယိုတာ Caldina ကို ၁၉၉၂က စတင်ထုတ်လုပ်ပြီး အင်ဂျင်အရွယ်အစား ၁၈၀၀ စီစီနဲ့ ၂၀၀၀ စီစီနှစ်မျိုးကို ခွဲခြားထုတ်လုပ်ပါ တယ်။ အင်ဂျင်အရွယ်အစားကွဲလွဲချက်ရှိတာအပြင် ဂရိတ်လည်း သိသိသာသာကွဲလွဲတာကို တွေ့ရပါတယ်။

Caldina ကြက်တူရွေးကိုတော့ X,Z,ZL Edition, Z S Edition ဆိုပြီး ခွဲခြားထုတ်လုပ်ပါတယ်။ ZL နဲ့ ZS ဂရိတ်တွေကို တော့ ၂၀၀၃ နှစ်လယ်ပိုင်းလောက်မှာ စတင်ထုတ်လုပ်ပါတယ်။ ကြက်တူရွေးဂရိတ်တွေထဲမှာ Fog Light မီးပါဝင်တာက ZL Edition နဲ့ ZS Edition ဆိုတဲ့ ဂရိတ်နှစ်မျိုးမှာသာ တွေ့ရပါတယ်။

ကြက်တူရွေးဂရိတ်တွေထဲ မှာ ZS Edition ဂရိတ်ကအမြင့်ဆုံး ဂရိတ်တစ်ခုဖြစ်ပါတယ်။ Fog Light အပြင် HID မီး၊ နောက် စပွိုင်လာ၊ Sunroof, TV တို့လည်း ပါဝင်ပါတယ်။ ၂၀၀၂ ရောက်ချိန်မှာတော့ တိုယိုတာက Caldina စက်ရုပ်မော်ဒယ်ကို ဒုတိယမျိုး ဆက်အဖြစ် ပုံပြောင်းထုတ်လုပ်ပါတယ်။

Caldina စက်ရုပ်ကိုထုတ်လုပ်ပြီး ZL, ZT နဲ့ GT-4 ဂရိတ်တွေကိုပါ ထုတ်လုပ်လာပါတယ်။ အဲ ဒီအထဲက ZL ဂရိတ်ကိုတော့ ၂၀၀၃မှာ စတင်ထုတ်လုပ်ပြီး ZT နဲ့ GT-4 ကို ၂၀၀၂ မော်ဒယ်တွေအဖြစ် စတင်ထုတ်လုပ်ပါတယ်။ ဂရိတ်အားလုံးမှာ Fog Light တွေ ပါဝင် လာပါတယ်။

ZT နဲ့ GT-4 ဂရိတ်တွေမှာ Xenon Head Light (HID)ပါဝင် လာပြီး အလွိုင်းခွေ ၁၇ လက်မကို တပ်ဆင်ထုတ်လုပ်ပါတယ်။ Z နဲ့ ZL Edition တွေကိုတော့ နောက်စပွိုင်လာတပ်ဆင်ထုတ် လုပ်ပါတယ်။ Caldina စက်ရုပ်ရဲ့ ဂရိတ်အမြင့်တွေမှာ ထူးခြားတာ ကတော့ အတွင်းခန်းခလုတ်တွေနဲ့ အဲကွန်းကွန်ထရိုးတွေမှာ အပြာ ရောင်မီးလေးတွေ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Caldina စက်ရုပ်ရဲ့ ဂရိတ်တွေထဲက GT-4 ဂရိတ်ကို ဂရိတ် ခွဲအသေးတွေနဲ့ ထပ်မံခွဲခြားထားပါသေးတယ်။ GT-4 ကို GT-4 C Edition, GT-4, GT-4 N Edition ဆိုပြီး ထပ်မံခွဲခြားထားပါ တယ်။ C Edition ကတော့ GT-4 တွေထဲမှာ ဂရိတ်အနိမ့်ဆုံးဖြစ်ပြီး Z, ZL Edition တို့လို အတွင်းခန်း ဂရိတ်နိမ့်ပါတယ်။

ရိုးရိုး GT-4 ဂရိတ်နဲ့ GT-4 N Edition မှာသာ အတွင်းခန်းဂရိတ်မြင့်လာတာ တွေ့ရပါတယ်။

GT-4 ဂရိတ်အခွဲတွေတိုင်းမှာ Original TV ကို စိတ်ကြိုက် တပ်ဆင်နိုင်ပါတယ်။ ဂရိတ်အခွဲနဲ့ အင်ဂျင်တွေကို အမျိုးမျိုးခွဲခြားထားတာ များလွန်းတဲ့အတွက် Chassis အလိုက်ခွဲခြားသတ်မှတ်တာကို ဖော်ပြပေးလိုက်ပါတယ်။

ZZT241W Chassis- 1800cc, 2WD

AZT241W Chassis- 2000cc, 2WD

AZT246W Chassis- 2000cc, 4WD

ST246W Chassis- 2000cc, 4WD ဆိုပြီး Chassis လေးမျိုးမှာ ခွဲခြားထုတ်လုပ်ပါတယ်။

၁၈၀၀ စီစီမှာ 2WD တစ်မျိုးသာထုတ်လုပ်ပြီး ၂၀၀၀ စီစီတွေကိုတော့ 2WD, 4WD နှစ်မျိုးနဲ့ ထုတ်လုပ်ပါတယ်။ GT-4 ဂရိတ်တွေကိုတော့ ST246W နဲ့ ထုတ်လုပ်ပါတယ်။ Caldina စက်ရုပ်ပုံပြောင်းကို ၂၀၀၅ မော်ဒယ်ထုတ်လုပ်ခဲ့ပြီး အဓိကပြောင်းလဲတာကတော့ နောက်မှန်ခွက်တွေအဖြူ ဖြစ်သွားပါတယ်။ ၂၀၀၇ ရောက်ချိန်မှာတော့ Caldina စက်ရုပ်ကို ထုတ်လုပ်မှုရပ်နားထားခဲ့ပါတယ်။

ပြည်တွင်း ဈေးကွက်ထဲမှာ လူကြိုက်များနေဆဲဖြစ်တဲ့ Caldina စက်ရုပ် ၂၀၀၃ မော်ဒယ် ၁၈၀၀ စီစီကို တင်သွင်းမယ်ဆိုရင် ကျပ်သိန်း ၁၄၀ ခန့်ကျသင့်နိုင်ပြီး ၂၀၀၀ စီစီဆိုရင်တော့ ကျပ်သိန်း ၁၆၀ လောက်အထိ ကျသင့်နိုင်ပါတယ်။ မော်ဒယ်မြင့် တစ်နှစ် မြင့်လာရင် ကျပ်ဆယ်သိန်းခန့် ဆီဈေးပိုလာနိုင်ပါတယ်။

 

_အောင်ဖြိုးမွန်

logo