Menu

You are here

တစ်နှစ်ပြည့်တော့မယ့် YBS အောင်မြင်ပြီလား

လာမည့် ဇန်နဝါရီလဆိုလျှင် မထသ ကို အစားထိုး၍ YBS စနစ်စတင်သည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ ထိုလမှာပင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ YBS စနစ်ကို တစ်နှစ်အတွင်းနိုင်ငံတကာအဆင့်မှီ အောင်မြင် အောင် ပြောင်းလဲမည်ဟု ပြည်သူလူ ထုထံ ကတိခံထားသည်မှာလည်း အချိန်ပြည့်တော့ မည်ဖြစ်သည်။

တစ်နှစ်နီးပါး YBS သည် အောင်မြင်စွာကူးပြောင်းနိုင်ခဲ့သလားဆိုသည်ကိုတော့ ပြည်သူလူထုမှ အဆုံးအဖြတ် ပေးရန်ဖြစ်သည်။ပြည်သူလူထု၏ နေ့စဉ်နီးပါး သယ်ယူပို့ဆောင်ရေးနှင့်ပတ်သတ်၍ ညည်းညူသံများ၊ အဆင်မပြေမှုလူထုအသံများ မှာ လွန်ခဲ့သော မထသ စနစ်ရှိစဉ်ကနှင့် ထူးမခြားနားပင်ဖြစ်သည်။

ယခု ပြီးခဲ့သော ၁၀ လ အတွင်းမှာပင် လိုင်းကားများကို အဓိကထားနေရသော ပြည်သူလူထုမှာ YBS စနစ်နှင့် သဟာဇာတ ဖြစ်အောင် အသားကျအောင်ကြိုးပမ်းရင်း အချိန်ကုန်လွန်ခဲ့ရသည်။ YBS ဘတ်စကား စနစ်ပြုပြင်ပြောင်းခြင်းနှင့်ပတ်သတ်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုင်းအစိုးရရုံး၌ သတင်းစာရှင်းလင်းပွဲတွင် “ကျွန်တော်တို့ ဟာ သုံးလ နှစ်ဖြတ် ၊ တစ်နှစ်မှာ လုံးဝ International (နိုင်ငံတကာအဆင့်) အဆင့်ဖြစ်ရ မယ်။”ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်း နေ့စဉ် ဘတ်စ်ကားစီး၍ ခရီးသွားလာသူ၂သန်းခွဲရှိသည်။ လက်ရှိတိုင်းအစိုးရသည် ယခင် မထသမှ YBS ကို ၂၀၁၇ ဇန်န၀ါရီ ၁၆ ရက်တွင် စတင်ပြောင်းလဲခြင်းဖြစ်သည်။ စတင်ပြောင်းလဲချိန်တွင် ကြိုတင်ပြင်ဆင်အားနည်းခဲ့သဖြင့် ဘတ်စ်ကားခရီးသွားသူများအတွက် အကြီးအကျယ်အခက်အခဲဖြစ်ခဲ့သည်။

သို့သော် အစိုးရသစ်၏ လုပ်ဆောင်ချက်အပေါ် ရန်ကုန်မြို့သူမြို့သားများက သည်းခံစာနာပေးပြီး အခက်အခဲများကို ခါးစည်းခံခဲ့သည်။ အဓိကအားဖြင့် ပြောင်းလဲခဲ့သော YBS စနစ်သည် ယခု ၁၀လအတွင်းတောက်လျှောက်တွင် အခက်အခဲ များစွာကို ကြုံခဲ့ရ ၊ ကြုံတွေ့နေရဆဲဖြစ်သည်။

YBS ဘတ်စ်ကားစနစ်ကို ၂၀၁၇ ဇန်န၀ါရီ ၁၆ ရက်က စတင်ခဲ့ပြီး လက်ရှိအချိန်တွင်ပြေး ဆွဲနေသော ဘတ်စ်ကားစီးရေ လေးထောင်ခန့်ရှိနေသည်။ ထိုအခက်အခဲများက ငွေပေးချေမှု အတွက် ငွေအကြွေအခက်အခဲရှိနေခြင်း၊ ညပိုင်းတွင် ဘတ်စ်ကားမရှိခြင်း၊ YRTAနှင့် ခရီးသည်အချိုးမမျှတခြင်း၊ မြို့ပြင်ကားလိုင်းများတွင် ကားအရေအတွက် လုံလောက်မှုမရှိခြင်း၊ ယခင် မထသ ကဲ့သို့ ယာဉ်နောက်လိုက်များရှိနေခြင်းနှင့် လမ်းညွှန် ဆိုင်းဘုတ်များအပါအ၀င် ယာဉ်လမ်းကြောင်း ပြသသည့် စနစ်များ မရှိတော့ခြင်းတို့ဖြစ်သည်။

“စပါယ်ယာအော်တဲ့ ၊ မထသ လက်ကျန်တွေ အခုထိ ကြီးဆိုးနေတုန်းပဲ။ ကားမလုံလောက်တာ၊ ကားသစ် စည်းကမ်းကောင်းမွန်တဲ့ယာဉ်လိုင်းတွေ နည်းနေသေးတာ၊”ဟု ရန်ကုန်မြို့နေထိုင်သူ ကိုကျော်ဇေယျ က ပြောသည်။ မထသမှ စတင်ပြောင်းလဲခဲ့သည့် အချိန်တွင် အဆင်မပြေမှုများရှိသော်လည်း လက်ရှိအချိန်တွင် နေသားကျ၍ အဆင်ပြေနေသည်ဟုဆိုသော်လည်း အဆင်မပြေမှုများရှိနေဆဲဖြစ် သည်ဟု တောင်ဒဂုံမြို့နယ်နေထိုင်သူ ကိုမိုးမြင့်ကဆိုသည်။

 “ည၈နာရီနောက်ပိုင်းတွေမှာ အလုပ်ကပြန်တဲ့အခါမျိုးတွေမှာကားရှားတယ် မီနီဘစ်တွေမှာ ယာဉ်နောက် လိုက်တွေရှိနေသေးတယ်။အဲဒါတွေကိုလည်း ပြောင်းလဲပေးဖို့ လိုမယ်”ဟု ၄င်းကဆက်ပြောသည်။ ကားသစ်များနှင့် ပြေးဆွဲသည့် ယာဉ်လိုင်းများတွင် အဆင်ပြေသော်လည်း ကားဟောင်းများနှင့် ပြေးဆွဲသည့် ယာဉ်လိုင်းများတွင် အဆင်မပြေသေးကြောင်း တာမွေမြို့နယ်မှ ကိုကောင်းဆက်ကပြောသည်။

“အခုချိန်ထိလည်း ကားတွေက ကျပ်ပြီး ပြိုင်မောင်းနေကြတုန်း၊ လိုင်းတိုင်းလိုလိုပဲ”ဟု ၄င်းကဆက်ပြောသည်။ YRTA ဟုခေါ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့သည် ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္ပဏီကို ဘတ်စ်ကား ကြီးကြပ်မှုဆောင်ရွက်ခွင့်ကို ရုတ်သိမ်းခဲ့သည်။

YBSပြောင်းလဲခဲ့သည့် ၁၀ ကျော်ကာလအတွင်း ဘတ်စ်ကားကုမ္မဏီတခုကို အာဏာပိုင်အဖွဲ့မှ ပထမဦးဆုံးအရေးယူခဲ့ခြင်းဖြစ်သည်။ အရေးယူရာတွင် အာဏာပိုင်အဖွဲ့၏ ညွှန်ကြားချက်ကို မလိုက်နာခြင်းနှင့်တိုင်ကြားမှု အများဆုံးကြောင့်ဖြစ်သည်ဟုဆိုပြီး နိုဝင်ဘာလ ၈ ရက်တွင် အရေးယူခဲ့ခြင်းဖြစ်သည်။

လာမည့် ဇန်နဝါရီလ ၁၆ ရက် ဆိုလျှင် တိုင်းအစိုးရမှ အာမခံကတိပေးထားသည့် တစ်နှစ်သည်လည်း ပြည့်တော့ မည်ဖြစ်သည်။ ထိုကာလလွန်လျှင် YBS၏ အဆင်မပြေသော အပိုင်းများကို တိုင်းအစိုးရမှ ပြန်လည် ပြင်ဆင်သွားမလား၊ ဒုံးရင်းအတိုင်း ဆက်သွားမလား ဆိုသည်မှာလည်း လူထုက သိချင်နေသော မေးခွန်းတစ်ခု ဖြစ်၏။ အစိုးရ အာမခံထားသည့် တစ်နှစ်သား YBS မအောင်မြင်ခဲ့လျှင် ထပ်မံ၍ ပြောင်းလဲမှု ကြီးကြီးမားမားပြုလုပ် ဦးမည်လား ဆိုသည်ကိုလည်း လူထုက ထပ်ဆင့်၍ သိချင်နေပြန်သည်။

အကယ်၍ ပြောင်လဲမှုများလုပ်မည့် ဆိုပါက YBS စနစ်၏ အဓိက အားနည်းချက်များကို ထပ်မံပြင်ဆင်ရမည်ဖြစ်သည်။

(၁) ယာဉ်လိုင်းကြောင်းစနစ် ယာဉ်လိုင်းကြောင်းစနစ်မှ အဆင်မပြေသေး၍ ငွေကြေးကုန်ကျများနေပြီး ခရီးသွားပြည်သူများ သွားလာလိုသည့် နေရာများကို ဘတ်စ်များတိုက်ရိုက်မရောက်ခြင်းဖြစ်သည်။

(၂)ငွေပေးချေမှုစနစ် လက်ရှိအချိန်တွင် ယာဉ်စီးခ ငွေပေးချေခြင်းကို သံသေတ္တာပုံးများထဲတွင် ထည့်သွင်းရခြင်းဖြစ်သည်။ ထိုစနစ်တွင် ငွေအကြွေရှားပါးသည့် ပြသနာမှ ခရီးသွားသူတိုင်း ကြုံတွေ့ရသည် ပြသနာဖြစ်နေသည်။ ထိုစနစ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။

(၃)ညပိုင်းတွင်ပြေးဆွဲသည့် စနစ် လက်ရှိပြေးဆွဲနေသည့် YBSဘတ်စ်ကားများသည် ညပိုင်း ၉ နာရီကျော်လျှင် အများစုမှာ ပြေးဆွဲခြင်းမရှိတော့ပေ။ ထိုကြောင့် မြို့စွန်ပြန်သူများအတွက် ကြားကားများကိုသာ အားကိုးနေရသည်။ ထိုကြောင့် YBS ဘတ်စ် ကားများကို ညပိုင်းအချိန်အတိုင်းအတာ တခုထိ ပြေးဆွဲပြေးရန် လိုအပ်နေသည်။

အထက်ပါအချက်များအပြင် ရန်ကုန်မြို့တွင်းယာဉ်ကြောကျပ်တည်းမှုသည်လည်း YBS စီးနင်သည့် ခရီးသွားပြည်သူများအတွက် အခက်အခဲတခုလည်းဖြစ်သည်။ ယခင်အစိုးရလက်ထက်က စတင်ဖြစ်ပေါ်ခဲ့သည့် ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းမှုသည်လည်း လက်ရှိအစိုးရလက်ထက်ထိ ဖြေရှင်းနိုင်ခြင်းမရှိသေးပေ။

“ရန်ကုန်မြို့နေတဲ့သူတွေက သူတို့ အလုပ်ကိုသွားဖို့ မနက်ပိုင်းကို ၁နာ၇ီခွဲကနေ ၂ နာရီလောက်အချိန် ပေးရတယ်။ တနေလုံးဆို ၃ နာရီကနေ ၄ နာရီအထိ အချိန်ကုန်နေတယ်။”ဟု မြို့ပြပညာရှင် ဒေါက်တာကျော်လတ် က ပြောသည်။ ရန်ကုန်မြို့တွင် လူဦးရေ ၅ သန်းကျော်အနက် ၈၃ ရာခိုင်နှုန်းသည် ဘတ်စ်ကားစီး၍ ၈ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကိုယ်ပိုင်ကားစီးကြသည်ဟု ၄င်းဆိုသည်။

ထိုကြောင့် YBS ဘတ်စ်ကား စနစ်အတွက် ယာဉ်ကြေကျပ်တည်းမှု ဖြေရှင်းရေးသည် အဓိက အရေးပါလှသည်။ ထိုကြောင့် ရန်ကုန်တိုင်းအစိုးရ သည် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန်လိုအပ်သည်။ ရန်ကုန်မြို့တွင် ငွေကြေးတတ်နိုင်သူများသည် တက္ကစီစီး၍ သွားခြင်း၊ငွေကြေးမတတ်နိုင်သူများက ဘတ်စ်ကားစီး၍ သွားလာနေသည်ကို သတိပြုမိကြောင်း ၊ ထိုစနစ်သည် မှားယွင်းနေသည်ဟု တိုယိုတာမော်တာ ကော်ပရေးရှင်း၏ စင်ကာပူရုံးခွဲမှာ အရာရှိတဦးကဆိုသည်။

ရန်ကုန်မြို့အတွင်း သယ်ယူပို့ဆောင်ရေးစနစ်သည် စင်ကာပူနိုင်ငံကဲ့သို့ လူအများအသုံးပြုနိုင်သည့် ရထားစနစ်မျိုးကို အကောင်အထည်ဖော်သင့်ဟု ၄င်းကအကြံပြုသည်။

လက်ရှိ YBSစနစ်ပြောင်းလဲခြင်းနှင့်ပတ်သတ်ပြီး YRTA၏အတွင်းရေးမှူး ဒေါက်တာမောင်အောင်က “လုပ်နေတုန်းပဲရှိသေးတယ်။ အောင်မြင်လား။ မအောင်မြင်လားဆိုတာ အတိုင်းတာတခုတော့ မမြင်သေးဘူး။ မျှော်မှန်းထားသလောက်တော့ မဖြစ်သေးဘူး။ အခက်အခဲတွေများကြီးပဲ”ဟု ဆိုသည်။

YBSစနစ်တွင် ခရီးသွားပြည်သူများက အခက်အခဲများရှိနေဆဲဟုဆိုသော်လည်း သို့သော်လက်ရှိ ဘတ်စ်ကား စနစ်သည် ယခင် စနစ်ထက် အများကြီးပြောင်းလဲခဲ့သည်ဟုဒေါက်တာမောင်အောင်ကဆိုသည်။

logo