Menu

You are here

Wranglerရဲ့ Hybrid မူကွဲတွေကို ၂၀၂၀ ပြည့်နှစ်မှာ စတင်ထုတ်လုပ်မယ်လို့ Jeep အတည်ပြု

Wranglerတွေရဲ့ လျှပ်စစ်စွမ်းအင် အသုံးချ အမျိုးအစားတွေကို ၂၀၂၀ ပြည့်နှစ်မှာ စတင်မှာယူခွင့် ရလာမယ်လို့ Jeepက အတည်ပြုခဲ့ပါတယ်။

 

အမေရိကန် ကားကုမ္ပဏီက ၂၀၂၀ ပြည့်နှစ်ကစလို့ Wranglerရဲ့ လျှပ်စစ်စွမ်းအင် ပေါင်းစပ်ထားတဲ့ Hybrid မူကွဲတွေကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ လော့စ်အန်ဂျလိစ် ကားပြပွဲမှာ Wranglerတွေကို ခင်းကျင်းပြသရင်း Jeepက အခု အစီအစဉ်ကို ကြေညာသွားခဲ့တာပါ။

 

ဓာတ်ဆီအင်ဂျင်နဲ့ လျှပ်စစ်မော်တာတို့ ပေါင်းစပ်ထားတဲ့ Hybrid အမျိုးအစား Wranglerတွေမှာ လျှပ်စစ်မော်တာဟာ ကားရဲ့ ဆက်တိုက် မောင်းနှင်နိုင်စွမ်းကို မြှင့်တင်ပေးမယ့် Range Extenderအဖြစ် အဓိက တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကားတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်သေးပါဘူး။

 

လမ်းကြမ်းမောင်းနှင်မှုမှာ နာမည်ကောင်းရတဲ့ SUVတွေနဲ့ ပတ်သက်လို့ ပိုမိုကြံ့ခိုင်ပြီး ခရီးရှည် မောင်းနှင်နိုင်တဲ့ အနာဂတ်မျိုးကို ဖန်တီးဖို့ စီစဉ်ထားကြောင်း Jeepရဲ့ အကြီးအကဲ မိုက်ခ်မန်လေက ပြောပါတယ်။ တစ်ချိန်တည်းမှာ Jeepအနေနဲ့ လာမယ့် နှစ်ပိုင်းတွေအတွင်း ပြောင်းလဲတင်းကျပ်လာတဲ့ ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး စံနှုန်းတွေကို ပိုမို ဂရုတစိုက် လိုက်နာဖို့ လိုအပ်လာကြောင်းလည်း မန်လေက ဝန်ခံခဲ့တယ်။

 

“ဒီတော့ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချဖို့ဆိုရင် လျှပ်စစ်စွမ်းအင် ဖြည့်တင်း အသုံးချရေးဟာ သဘာဝ အကျဆုံး ဖြေရှင်းမှု နည်းလမ်း ဖြစ်လာပါတယ်။ Wranglerတွေအတွက် ဒီတောင်းဆိုမှုကို မျက်ကွယ်ပြုထားလို့ မရတော့ပါဘူး”လို့ သူက ဆိုပါတယ်။

 

Jeepရဲ့ မိခင်ကုမ္ပဏီ Fiat Chrysler Automobileဟာ လတ်တလောမှာ Pacifica မီနီဗင်တွေကို Plug-in Hybridအသွင် ထုတ်လုပ် ရောင်းချနေပါတယ်။ ဒီကားတွေဟာ Lithium-ion ဘက်ထရီကို သီးသန့် အသုံးပြုပြီး ခရီးတာ ၃၃ မိုင်ထိ မောင်းနှင်နိုင်ကြောင်းလည်း သိရှိရပါတယ်။

 

Ref: Trucks

logo