Menu

You are here

ပို့ဆောင်ရေး လုပ်ငန်းသုံး ကားတွေမှာ Droneတွေ အသုံးပြုမှုကို Mercedes-Benz လက်တွေ့ စမ်းသပ်နေ

ပို့ဆောင်ရေး လုပ်ငန်းသုံး ကားတွေမှာ Droneတွေ ပေါင်းစပ် အသုံးပြုတဲ့ စိတ်ကူးကို Mercedes-Benzက အလေးအနက် စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။

 

ဂျာမန် ကားကုမ္ပဏီကြီးက လုပ်ငန်းသုံး ကားတွေမှာ Droneတွေကို ချိတ်ဆက်ပေးပြီး ရွေးချယ်စရာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဝန်ဆောင်မှု အသစ်တွေအတွက် အသုံးပြုနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အဝေးထိန်း စနစ်နဲ့ ပျံသန်းတဲ့ Drone လေယာဉ်ငယ်တွေကို ကားတွေမှာ ပေါင်းစပ် အသုံးပြုဖို့ Fordကလည်း စမ်းသပ်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

 

Mercedes-Benzက ပို့ဆောင်ရေး လုပ်ငန်းသုံး ကားတွေမှာ Droneတွေကို တပ်ဆင်ထားတဲ့အခါ ပေါ့ပါးတဲ့ ပစ္စည်းတွေကို သတ်မှတ်ထားတဲ့ နေရာဆီ ပိုပြီး မြန်မြန်ဆန်ဆန် ပို့ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ကားဝင်ရခက်တဲ့ နေရာမျိုး၊ ဒါမှမဟုတ် ယာဉ်ကြော ကျပ်တည်း ပိတ်ဆို့နေတဲ့ အခြေအနေမျိုးတွေမှာ Droneတွေကို အသုံးပြုတာက လက်တွေ့မှာလည်း ပိုအဆင်ပြေနိုင်ပါတယ်။

 

Mercedes-Benzဟာ လောလောဆယ်မှာ ဆွစ်ဇာလန် အရောင်းဆိုင်လုပ်ငန်း Siroopနဲ့ ပူးပေါင်းပြီး ဖောက်သည်တွေဆီကို Drone အသုံးပြု ကားတွေနဲ့ ပစ္စည်းပို့တဲ့ အစီအစဉ်ကို ဇူးရစ်ခ်ျမြို့မှာ စမ်းသပ်နေပါတယ်။

 

ဒီစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်က Drone နည်းပညာကို စိတ်ကူးယဉ် အဆင့်နဲ့ လက်တွေ့ အခြေအနေကြားမှာ ပိုပြီး အပေါင်းလက္ခဏာဆန်ဆန် ရှုမြင်လာနိုင်မယ့် အတွေ့အကြုံကောင်းတွေ ရရှိစေဖို့ဖြစ်ကြောင်း Mercedes-Benzရဲ့ အနာဂတ် မောင်းနှင်မှု နည်းပညာဌာန အကြီးအကဲ စတီဖန် မော်ရာက ပြောပါတယ်။

 

အရင်တုန်းက Land Roverကလည်း Discovery မော်ဒယ်လ်ကို အခြေခံပြီး Drone ဆင်းသက်နိုင်တဲ့ သတ်မှတ်ဧရိယာတစ်ခု ထည့်သွင်းထားတဲ့ Concept နမူနာ မော်ဒယ်လ်ကို ပြသဖူးပါတယ်။ Mercedes-Benzက ဆွစ်ဇာလန်က စမ်းသပ်မှု အပြီးမှာလည်း ကားနဲ့ Droneတွေ ပေါင်းစပ်တဲ့ စနစ်ကို ဆက်လက် သုတေသန ပြုနေဦးမှာဖြစ်ကြောင်း အတည်ပြုထားပါတယ်။

 

Ref: New Atlas

logo