Menu

You are here

အမေရိကန် စံနှုန်းတွေနဲ့ ကိုက်ညီအောင် ဖန်တီးထားတဲ့ Konaအသစ်ကို Hyundai မိတ်ဆက်

Hyundaiက အမေရိကန် လမ်းမတွေနဲ့ ကိုက်ညီအောင် ပြောင်းလဲထားတဲ့ Kona အသစ်ကို လော့စ်အန်ဂျလိစ် ကားပြပွဲမှာ ပွဲထုတ် ပြသခဲ့ပါတယ်။

 

၂၀၁၈ မော်ဒယ်လ် Konaဟာ တောင်ကိုရီးယား ကားကုမ္ပဏီရဲ့ အသစ်ကျပ်ချွတ် မော်ဒယ်လ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်က အမေရိကန်နဲ့ မြောက်အမေရိကန် ဈေးကွက်မှာ ဒီမော်ဒယ်လ်တွေကို Hyundaiက တင်ပို့ခြင်း မရှိသေးဘူး။

 

လော့စ်အန်ဂျလိစ်မှာတော့ အမေရိကန်အတွက် အဓိက ရည်ရွယ်ပြီး ပြုပြင်ပြောင်းလဲထားတဲ့ Konaတွေကို ပြသပြီး အမေရိကန် ဈေးကွက်မှာ ရောင်းချသွားမယ်လို့ Hyundaiက အတည်ပြုခဲ့ပါတယ်။

 

ဒီအသေးစား Crossover SUVတွေဟာ Nissanက အသစ်မိတ်ဆက်လာတဲ့ Kicksလို မော်ဒယ်လ်တွေနဲ့ အမေရိကန် ဈေးကွက်မှာ ဝေစုခွဲ အားပြိုင်ရမယ့် သဘောပါ။

 

အမေရိကန်က ဖောက်သည်တွေ အနေနဲ့ Konaနဲ့ ပတ်သက်ရင် ဓာတ်ဆီအင်ဂျင် နှစ်မျိုးထဲက ရွေးချယ်ခွင့် ရှိပါတယ်။ ပထမတစ်မျိုးက ဆလင်ဒါ လေးလုံးတပ် 2.0-litreဖြစ်ပြီး မြင်းကောင်ရေ ၁၄၇ ကောင်အားနဲ့ ၁၃၂ ပေါင်-ပေ ရုန်းအားကို ထုတ်ပေးနိုင်ပါတယ်။ ဒီအင်ဂျင်ကို Autoဂီယာ ခြောက်ချက်နဲ့ တွဲဖက်ပေးထားတယ်။

 

နောက်တစ်မျိုးကတော့ Turbocharged နည်းပညာ အသုံးပြုထားတဲ့ ဆလင်ဒါ လေးလုံးတပ် 1.6-litre အမျိုးအစားပါ။ မြင်းကောင်ရေ ၁၇၅ ကောင် စက်အားနဲ့ ၁၉၅ ပေါင်-ပေ ရုန်းအားထိ ရရှိနိုင်ပါတယ်။ ဒီကားတွေမှာတော့ Dual-Clutch ဂီယာ ခုနစ်ချက်ကို ထည့်သွင်း တပ်ဆင်ထားပါတယ်။

 

အတွင်းပိုင်းမှာတော့ ၇ လက်မ Touchscreenကို စံသတ်မှတ်ချက် အနေနဲ့ ထည့်သွင်းပေးထားပြီး ဆန္ဒရှိရင် ၈ လက်မအရွယ် Nav Touchscreenကို မှာယူ လဲလှယ်နိုင်ပါတယ်။ ဖျော်ဖြေရေးအတွက် Android Autoနဲ့ Apple CarPlayလို စနစ်တွေကိုပါ ချိတ်ဆက်နိုင်တယ်။

 

ရှေ့ပိုင်းမှာ ယာဉ်တိုက်မှု ဖြစ်နိုင်တဲ့ အခြေအနေအတွက် ထောက်လှမ်း သတိပေးတဲ့ စနစ်တွေ၊ လမ်းကြောင်း တစ်ခုတည်းမှာ ထိန်းညှိမောင်းနှင်တဲ့ စနစ်တွေ၊ မျက်ကွယ်နေရာတွေမှာ ကြိုတင်သတိပေးတဲ့ စနစ်တွေ အပါအဝင် လုံခြုံရေး နည်းပညာ တော်တော်များများကိုလည်း Kona အသစ်မှာ ထည့်သွင်းပေးထားကြောင်း သိရှိရပါတယ်။

 

Ref: Auto Blog

logo