Menu

You are here

စွမ်းဆောင်ရည် အမြင့်ဆုံး ဇိမ်ခံဆီဒင်အဖြစ် Panamera Hybrid Sport Turismoကို Porsche ဖန်တီး

Porscheဟာ ဇိမ်ခံဆီဒင် အားလုံးထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး အမျိုးအစားအဖြစ် Panamera Hybrid Sport Turismo တရားဝင် မိတ်ဆက်ခဲ့ပါတယ်။

 

လော့စ်အန်ဂျလိစ် ကားပြပွဲမှာ ပွဲထွက်လာတဲ့ တံခါးလေးပေါက် Panamera ဆီဒင် အသစ်ဟာ မြင်းကောင်ရေ ၇၀၀ နီးပါးထိ အားကောင်းတဲ့ အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ Hatchbackဆန်ဆန် တည်ဆောက်ထားတဲ့ ကားဟာ Porscheရဲ့ နာမည်ကျော် 911 GT3ထက်တောင် အင်ဂျင်အား ပိုသာလွန်ပါသေးတယ်။

 

Porscheရဲ့ အဆိုအရ Panamera အသစ်ရဲ့ အင်ဂျင်ဟာ မြင်းကောင်ရေ ၆၈၆ စက်အားနဲ့ ၆၂၆ ပေါင်-ပေ ရုန်းအားကို ပိုင်ဆိုင်ကြောင်း သိရပါတယ်။ ဒါဟာ နာမည်ကျော် 911 GT3ရော၊ Cayenne Turbo SUVထက်ပါ သာလွန်တဲ့ စွမ်းဆောင်ရည်မျိုးပါ။

 

Panamera အသစ်ဟာ ရပ်နားထားရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို ၃.၂ စက္ကန့်အတွင်း အရှိန်တင်နိုင်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၁၉၂ မိုင်ထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ ဒီကားမှာ မြင်းကောင်ရေ ၅၅၀ အား TwinTurbo V8 အင်ဂျင်ကို မြင်းကောင်ရေ ၁၃၆ ကောင်အား လျှပ်စစ် မော်တာနဲ့ ပေါင်းစပ် ပံ့ပိုးပေးပါတယ်။ ဒီHybrid အင်ဂျင်စနစ်ကို Porscheရဲ့ PDK Autoဂီယာနဲ့ တွဲဖက်ပြီး လေးဘီးယက် စနစ်ကို အခြေခံ စံနှုန်းအဖြစ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ်က Porscheရဲ့ Panamera Hybridတွေ ရောင်းအားဟာ အမေရိကန်မှာ ၆၆ ရာခိုင်နှုန်းထိ မြင့်တက်လာပြီး အောင်မြင်တဲ့ ထုတ်ကုန်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီအခြေအနေတွေကပဲ Porscheကို ပိုမိုစွမ်းဆောင်ရည် မြင့်မားတဲ့ Hybird အမျိုးအစား မော်ဒယ်လ်သစ် Panameraကို ထုတ်လုပ်ဖို့ အဓိက တွန်းအား ဖြစ်စေခဲ့တယ်လို့ သတင်းတွေက ဖော်ပြသွားပါတယ်။

Ref: Bloomberg

logo