Menu

You are here

Eclipse အမှတ်တံဆိပ်ကို SUV အနေနဲ့ ပြန်လည် အသက်သွင်းခဲ့တဲ့ Mitsubishi

Mitsubishiဟာ တစ်ချိန်က ကျော်ကြားခဲ့တဲ့ Eclipseဆိုတဲ့ မော်ဒယ်လ်နာမည်ကို တစ်ကျော့ပြန် အသက်သွင်းလိုက်ပါတယ်။

 

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ အရင်တုန်းကလို ပြိုင်ကားတွေအတွက် ရည်ရွယ်ပြီး Eclipseဆိုတဲ့ နာမည်ကို ပေးထားတာ မဟုတ်တော့ပါဘူး။ ၂၀၁၇ လော့စ်အန်ဂျလိစ် ကားပြပွဲမှာ ထွက်ပေါ်လာတဲ့ Eclipseဟာ အသေးစား SUVပုံစံ ပြောင်းသွားပါပြီ။

 

ဂျပန်ကားကုမ္ပဏီက ဒီSUVရဲ့ ကိုယ်ထည်ကို Coupe ပြိုင်ကားတွေ တည်ဆောက်မှုအပေါ် အများကြီး ပြန်လည် ကိုးကား အခြေပြုထားပါတယ်။ လာမယ့် နှစ်တော်တော်များများမှာ အသေးစား SUVတွေအပေါ် ဈေးကွက် တောင်းဆိုမှုက ဆက်လက် မြင့်မားနေဦးမယ်လို့ ကုမ္ပဏီရဲ့ သုတေသီတွေက ယူဆထားကြောင်း၊ ဒါကြောင့်လည်း Eclipseကို အသေးစား Crossover SUVပုံစံနဲ့ ပြောင်းလဲမိတ်ဆက်ဖို့ ဗျူဟာ ချမှတ်ခဲ့ကြောင်း Mitusbishiရဲ့ မြောက်အမေရိက တာဝန်ခံနဲ့ ဒုတိယ အမှုဆောင် ဥက္ကဋ္ဌ ဒွန်ဆွာရင်ဂမ်က ပြောပါတယ်။

 

Eclipse အသစ်မှာ ရှည်လျားကျဉ်းမြောင်းတဲ့ LED ရှေ့မီးကြီးတွေကို တပ်ဆင်ထားပြီး လေခွင်းမောင်းနှင်နိုင်စွမ်း မြင့်မားအောင် အချိုးအစား ချထားတဲ့ လေကာမှန် ဒီဇိုင်းကို ဆန်းသစ် အားဖြည့်ထားပါတယ်။ ဖျော်ဖြေရေးအတွက် Apple CarPlay၊ Android Auto အစရှိတဲ့ စနစ်တွေ၊ မိုဘိုင်း အထောက်အပံ့အတွက် Google Assistantနဲ့ Siriလို နည်းပညာတွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

ကားရဲ့ အခြေခံ အင်ဂျင်တပ်ဆင်မှုက 1.5-litre ဆလင်ဒါ လေးလုံးတပ် Turbo အမျိုးအစားဖြစ်ပြီး မြင်းကောင်ရေ ၁၅၂ ကောင် စက်အားနဲ့ ၁၈၄ ပေါင်-ပေ ရုန်းအားကို ထုတ်ပေးနိုင်ပါတယ်။ အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံး ညှစ်ထုတ်ယူဖို့အတွက် ဆိုဒီယမ်အားဖြည့် အိတ်ဇောစနစ်နဲ့ မွမ်းမံထားပါတယ်။

 

ဒီကားတွေကို ဒေါ်လာ နှစ်သောင်းသုံးထောင်ကျော် ဈေးသတ်မှတ်ပြီး လာမယ့် မတ်လကစလို့ အမေရိကန်မှာ ရောင်းချသွားမယ်လို့လည်း Mitsubishiက အတည်ပြုထားပါတယ်။
 

 

Ref: Motor Trend

logo