Menu

You are here

Volkswagenရဲ့ Rally ပြိုင်ကားသစ် Polo GTI R5ကို လက်တွေ့ စမ်းသပ်မှုတွေ စတင်

Volkswagenဟာ Rally ကားပြိုင်ပွဲတွေအတွက် ရည်ရွယ်ထားတဲ့ Polo GTI R5 ပြိုင်ကားကို လက်တွေ့ စမ်းသပ်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။

 

ဂျာမန် ကားကုမ္ပဏီကြီးရဲ့ ပြိုင်ကား ဌာနခွဲက Polo GTI R5 အသစ်ကို ဖန်တီးထားတာဖြစ်ပြီး လာမယ့်နှစ်မှာ ကျင်းပမယ့် WRC2အဆင့် ကမ္ဘာ့ Rally ပြိုင်ပွဲမှာ စတင် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။

 

Volkswagenဟာ ပြိုင်ပွဲဝင် Polo GTI R5ကို ပုံဖျက်ဖုံးကွယ်မှု တချို့နဲ့အတူ ပြင်သစ်တောင်ပိုင်းမှာ ရက်ပိုင်းလောက် စွမ်းဆောင်ရည် မှတ်တမ်းယူ စမ်းသပ် မောင်းနှင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်မှု အခြေအနေတွေက ကျေနပ်စရာ ရာနှုန်းပြည့် အောင်မြင်မှုတွေ ရရှိစေတယ်လို့ Volkswagenရဲ့ ပြိုင်ကားဌာန ဒါရိုက်တာ ဆဗန်စမိတ်စ်က ပြောပါတယ်။

 

“ပထမဆုံးအကြိမ် စံချိန်ယူ စမ်းသပ်မှုတွေမှာ အရမ်းအောင်မြင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ အဖွဲ့သား အားလုံးအတွက် စိတ်အား တက်ကြွစရာ ဖြစ်လာတယ်”လို့ သူက ဆိုတယ်။

 

Polo GTI R5ရဲ့ စွမ်းဆောင်ရည်ပိုင်း အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ကုမ္ပဏီ အနေနဲ့ ဒီပြိုင်ကားအတွက် ကုမ္ပဏီမူပိုင် သီးသန့် ကားအသင်း ထားရှိဖို့တော့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ အဲဒီအစား Polo GTI R5 ဝယ်ယူမယ့် ကားအသင်းတွေကို နည်းပညာပိုင်း အပြည့်အဝ ပံ့ပိုး ကူညီဖို့ပဲ Volkswagenက စီစဉ်ထားတာ ဖြစ်ပါတယ်။
 

Ref: Auto Sport

logo