Menu

You are here

ဇိမ်ခံ SUVအသစ် Urusကို Lamborghini တရားဝင် မိတ်ဆက်

နာမည်ကြီး ကုမ္ပဏီတွေ စုပြုံတိုးနေတဲ့ ဇိမ်ခံ SUV ဈေးကွက်ထဲ Lamborghiniက ဘီလူးဆိုင်းတီးပြီး ဝင်ချလာပြီ ဖြစ်ပါတယ်။ အီတလီ စူပါကား ကုမ္ပဏီဟာ လပေါင်းများစွာ သတင်းကြီးနေတဲ့ SUV မော်ဒယ်လ်သစ် Urusကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။

 

Urusဟာ အီတလီ စူပါကား ကုမ္ပဏီရဲ့ သမိုင်းတလျှောက်မှာ ဒုတိယမြောက် SUVမော်ဒယ်လ်အဖြစ် မှတ်တမ်းဝင်လာပါတယ်။ Lamborghiniက Urusတွေကို တစ်စီး ဒေါ်လာ နှစ်သိန်းကျော်နဲ့ ရောင်းချသွားမှာပါ။

 

Urusကို မိတ်ဆက်လိုက်တဲ့နောက် Lamborghiniက အဓိက ထုတ်လုပ်နေတဲ့ မော်ဒယ်လ် သုံးမျိုးထိ ရှိလာတော့မှာ ဖြစ်ပါတယ်။ ကျန်တာတွေကတော့ Coupeပုံစံဖြစ်တဲ့ Aventadorနဲ့ Huracanတွေဖြစ်ပြီး မျိုးကွဲတချို့ ဆင့်ပွား ထုတ်လုပ်နေပါတယ်။

 

Urus အသစ်ကို မိတ်ဆက်ချိန်မှာ အရင် Conceptနမူနာ အဆင့်တုန်းက ပြသခဲ့တဲ့ အနေအထားကနေ ကြီးကြီးမားမား ကွာဟမှု မရှိတာကို တွေ့ရပါတယ်။ ဒီကားတွေကို ထုတ်လုပ်ချိန်မှာ အဆင့်တိုင်းလိုလို စိန်ခေါ်မှုတွေ ကြုံတွေ့ ဖြတ်သန်းခဲ့ရတယ်လို့ Lamborghiniရဲ့ အမှုဆောင်ချုပ် စတီဖာနို ဒိုမန်နီကယ်လီက ပြောပါတယ်။

 

Urusတွေမှာ မြင်းကောင်ရေ ၆၅၀ အား TwinTurbo V8 အင်ဂျင်တွေကို တပ်ဆင်ထားပါတယ်။ ဒီကားတွေဟာ ရပ်နားထားရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို ၃.၆ စက္ကန့်အတွင်း အရှိန်တင်နိုင်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီ မိုင် ၁၉၀ ထိ မောင်းနှင်နိုင်မယ်လို့ ဆိုတယ်။

 

ဈေးကွက်ထဲမှာတော့ Audi Q7၊ Ferrari Lusso၊ Porsche Cayenneတို့လို မော်ဒယ်လ်တွေက Urusရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်လာမယ်လို့လည်း ယုံကြည် ယူဆရပါတယ်။

 

Ref: The Verge

logo