Menu

You are here

V12 အင်ဂျင်သုံး Vantageကို ထုတ်လုပ်ဖို့ ဖြစ်နိုင်ခြေရှိကြောင်း Aston Martin အကြီးအကဲဆို

Aston Martin အနေနဲ့ စွမ်းဆောင်ရည် ပိုမြင့်တဲ့ V12 အင်ဂျင်သုံး Vantage မော်ဒယ်လ် မူကွဲကို ထုတ်လုပ်နိုင်ခြေ ရှိကြောင်း ကုမ္ပဏီ အကြီးအကဲက အရိပ်အမြွက် ဝန်ခံခဲ့ပါတယ်။

 

ယုတ္တိဗေဒအရ V12 အင်ဂျင်သုံး Vantageဟာ ဖြစ်မြောက်လာနိုင်ခြေ အများအပြား ရှိနေကြောင်း၊ ဒါပေမဲ့ ဒီကားတွေကို အမှန်တကယ် ထုတ်လုပ်ဖို့ ဆိုတာကိုတော့ အတည်ပြု ဆုံးဖြတ်ချက် မချရသေးကြောင်း Aston Martinရဲ့ အမှုဆောင်ချုပ် အန်ဒီ ပယ်လ်မာက ပြောပါတယ်။

 

Aston Martinရဲ့ V8 အင်ဂျင်သုံး Vantageကို ထုတ်လုပ်ခဲ့တဲ့နောက် အင်ဂျင်ရွေးချယ်ခွင့် ပိုမိုကျယ်ပြန့်တဲ့ ဖန်တီးမှုမျိုး ရှိနိုင် မရှိနိုင် သတင်းထောက်တွေက မေးမြန်းချိန်မှာ ပယ်လ်မာက အခုလို ဖြေကြားသွားတာ ဖြစ်ပါတယ်။ “V12အကြောင်း ခင်ဗျားတို့ မေးတယ်နော်။ ဟုတ်တယ်။ ကျွန်တော်တို့လည်း ဒါကို စဉ်းစားနေပါတယ်။ ဒါပေမဲ့ ဘာမှတော့ မဆုံးဖြတ်ရသေးဘူး”လို့ ပယ်လ်မာက မှတ်ချက်ပေးခဲ့တယ်။

 

“နည်းစနစ် ရှုထောင့်အရ ပြောရင်တော့ ဒီကိစ္စက ဖြစ်နိုင်ခြေ အရမ်းများတယ်။ ကားရဲ့ အင်ဂျင်ခန်း အထိုင်က DB11 မော်ဒယ်လ်ကို ပြန်ကူးယူထားတာ။ ဒါကြောင့် V12 အင်ဂျင်ကို အထိုင်ချလို့ ရတယ်။ အကြီးအကျယ် မွမ်းမံပြင်ဆင်ရတဲ့ အဆင့်တွေ မလိုပါဘူး။ ဒါပေမဲ့ အခု ကျွန်တော်တို့က Vantage အသစ်ရဲ့ ဝိသေသနဲ့ ပတ်သက်လို့ ပြန်စဉ်းစားနေတာ။ Vantageဟာ ကျွန်တော်တို့ရဲ့ တော်လှန်ပြောင်းလဲရေး လက်ရာတစ်ခုပဲ။ ပြိုင်ကားဆန်ဆန် ပြောင်းလဲထားတယ်။ စတီယာရင် ထိန်းချုပ်မှုပိုင်းကို သေသေချာချာ အသားပေးထားတာပါ။ ပိုကြီးတဲ့ အင်ဂျင်ကို ထည့်လိုက်မယ်ဆိုရင် ထိန်းချုပ်မှုပိုင်းမှာ အခက်အခဲတချို့ ရှိလာနိုင်တယ်။ ဒီအပိုင်းကို ကျွန်တော်တို့ ပြန်စဉ်းစားနေပါတယ်”လို့ သူက အသေးစိတ် ရှင်းပြပါတယ်။

 

ပယ်လ်မာက V8အင်ဂျင်ကိုပဲ သုံးထားပြီး Manual ဂီယာနဲ့ ပေါင်းစပ်ထားတဲ့ မူကွဲကို ဖန်တီးနေပြီလို့ အတည်ပြုခဲ့သလို Vantageရဲ့ အမိုးဖွင့် Roadster ဗားရှင်းကိုပါ ထုတ်လုပ်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီနှစ်မျိုးစလုံးဟာ အနည်းဆုံး တစ်နှစ်ခွဲကနေ နှစ်နှစ်လောက်ထိ အကြာမှ ဈေးကွက်ထဲ ရောက်လာမယ်လို့ သိရပါတယ်။

 

Ref: Auto Car

logo