Menu

You are here

ဥရောပ ဈေးကွက်ထဲ တင်ပို့မယ့် Leaf လျှပ်စစ်ကား အသစ်တွေ ထုတ်လုပ်မှု Nissan အစပြု

ဥရောပ ဈေးကွက်အတွက် ရည်ရွယ်ထားတဲ့ Leaf လျှပ်စစ်ကားတွေ ထုတ်လုပ်မှုကို Nissanက အစပြုနေပြီ ဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံ၊ ဆန်းဒါးလန်းမှာ တည်ဆောက်ထားတဲ့ Nissan ကားစက်ရုံမှာ မျိုးဆက်သစ် Leafတွေကို တပ်ဆင် ထုတ်လုပ်နေပြီလို့ ဂျပန် ကားကုမ္ပဏီက အတည်ပြုပါတယ်။ ဆန်းဒါးလန်းက စက်ရုံဟာ Crossover မော်ဒယ်လ်တွေဖြစ်တဲ့ Qashqaiနဲ့ Jukeလို မော်ဒယ်လ်တွေ၊ Nissan လက်အောက်ခံ ဇိမ်ခံကား အမှတ်တံဆိပ် Infinitiရဲ့ Q30နဲ့ QX30 မော်ဒယ်လ်တွေကိုလည်း တပ်ဆင် ထုတ်လုပ်ပေးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ နှစ်မှာတော့ ဆန်းဒါးလန်းက စက်ရုံဟာ သက်တမ်း နှစ် ၃၀ ပြည့်မြောက်ခဲ့ပြီး စုစုပေါင်း ကားအစီးရေ ၉ သန်းကျော် ထုတ်လုပ်ပေးခဲ့ပြီးဖြစ်ကြောင်း Nissanက ထုတ်ပြန်ပါတယ်။

 

Nissanဟာ ဂျပန်နဲ့ အမေရိကန် ဈေးကွက်တွေမှာလည်း Leaf အသစ်တွေ ရောင်းချသွားမှာဖြစ်ပြီး ထုတ်လုပ်မှု ကဏ္ဍကိုတော့ နေရာတွေ ခွဲခြားထားပါတယ်။ ဆန်းဒါးလန်းမှာ ထုတ်လုပ်မယ့် ကားတွေကတော့ ဥရောပ နိုင်ငံတွေကိုသာ တင်ပို့မှာပါ။

 

Nissanရဲ့ ဥရောပ ဌာနခွဲက ထုတ်ကုန်ကဏ္ဍ ဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ ကီဗင် ဖစ်ဇ်ပက်ထရစ်က “Nissanဟာ လျှပ်စစ်ကားတွေ ဥရောပမှာ ထုတ်လုပ်မှုကို ၂၀၁၁ မှာ စံပြအနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒီအချိန်က စလို့ လျှပ်စစ်ကား နည်းပညာကို အခြေခံတဲ့ အနာဂတ် မောင်းနှင်မှု စိတ်ကူးစိတ်သန်းတွေကို မျှဝေ ဖြည့်ဆည်းပေးခဲ့ပြီးသားပါ။ အခုတော့ Leafတွေကို ဥရောပ ဈေးကွက်မှာ ဖေဖော်ဝါရီလက စတင်ပြီး ဖြန့်ချိသွားဖို့ လက်တွေ့ လုပ်ဆောင်နေပါပြီ"လို့ ပြောကြားသွားပါတယ်။

 

Nissanဟာ ဆန်းဒါးလန်း စက်ရုံမှာ Leaf လျှပ်စစ်ကား အသစ်တွေ ထုတ်လုပ်နိုင်ရေးအတွက် ဒေါ်လာ သန်း ၄၀ ကျော်လောက် ရင်းနှီးမြှုပ်နှံပြီး အဆင့်မြှင့်တင် မွမ်းမံမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

 

Ref: Business Insider

logo