Menu

You are here

စင်ကာပူမှာ လျှပ်စစ်ကားတွေ တွင်တွင်ကျယ်ကျယ် အသုံးချနိုင်မယ့်ကာလနဲ့ ပိုနီးကပ်လာ

စင်ကာပူ နိုင်ငံမှာ လျှပ်စစ်ကားတွေ တွင်တွင်ကျယ်ကျယ် အသုံးချမယ့် ကာလဟာ တဖြည်းဖြည်း နီးကပ်လာပြီလို့ ဆိုပါတယ်။

 

လာမယ့် ၁၈ လတာ အတောအတွင်း အနည်းဆုံး ကားကုမ္ပဏီ ၆ ခုက စင်ကာပူမှာ လျှပ်စစ်ကားတွေ ရောင်းချဖို့ အစီအစဉ် ရှိနေပါတယ်။ ပထမဆုံး စင်ကာပူ ဈေးကွက်ထဲ ဝင်လာမယ့် လျှပ်စစ်ကားကတော့ Hyundaiရဲ့ Ioniq EVပါ။ ဒီကားဟာ Ioniq Hybridမော်ဒယ်လ်ကို အခြေခံ ပြောင်းလဲထားတာ ဖြစ်ပြီး လောင်စာဆီသုံး အင်ဂျင် လုံးဝ မပါတော့ဘဲ လျှပ်စစ် ဘက်ထရီ သီးသန့်နဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။

 

တောင်ကိုရီးယား ကားကုမ္ပဏီကြီးက Ioniq EVကို ဇန်နဝါရီ ၁၁ ရက်မှာ စတင်မိတ်ဆက်မှာ ဖြစ်ပြီးတော့ ဒီကားဟာ တစ်ကြိမ် အားသွင်းထားရင် ၁၇၄ မိုင်လောက် ဆက်တိုက် မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ မြို့ပြ နိုင်ငံငယ်လေးမျှသာဖြစ်တဲ့ စင်ကာပူအတွက်တော့ လက်တွေ့ကျကျ အသုံးဝင်တဲ့ အကွာအဝေး ဖြစ်ပါတယ်။ ဈေးကလည်း စင်ကာပူဒေါ်လာ တစ်သိန်းခွဲ အောက်လောက်သာ ဖြစ်မယ်လို့ သတင်းတွေက ဖော်ပြထားတယ်။

 

တစ်ချိန်တည်းလိုလို ပြင်သစ် ကားကုမ္ပဏီ Renaultကလည်း ဆက်တိုက် မောင်းနှင်နိုင်စွမ်း ပိုကောင်းတဲ့ လျှပ်စစ်ကား အသစ်ကို စတင် ရောင်းချလာမယ်လို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် BMWက ၂၀၁၈ ပထမ သုံးလပတ်အတွင်း စင်ကာပူမှာ i3 လျှပ်စစ်ကားတွေ စရောင်းဖို့ အသင့်ဖြစ်နေပါပြီ။ BMWနဲ့ တစ်နိုင်ငံတည်းသား ဂျာမန် ကားကုမ္ပဏီကြီး Volkswagenကလည်း စင်ကာပူ လျှပ်စစ်ကား ဈေးကွက်ထဲ ဝင်ရောက်ဖို့ စီစဉ်ထားပြီးပြီလို့ ဆိုပါတယ်။

 

နောက်ပြီး Nissanကလည်း နာမည်ကျော် လျှပ်စစ်ကားဖြစ်တဲ့ Leafနဲ့အတူ စင်ကာပူ လျှပ်စစ်ကား ဈေးကွက်မှာ ပါဝင် ယှဉ်ပြိုင်လာမှာ ဖြစ်ပါတယ်။ နောက်ထပ် သေချာသလောက် ရှိနေတဲ့ ကုမ္ပဏီက Jaguarဖြစ်ပြီး ၂၀၁၉ လောက်မှာ စွမ်းဆောင်ရည်မြင့် လျှပ်စစ်ကား I-Paceကို တင်ပို့ဖို့ ပြင်ဆင်ထားပါတယ်။

 

ဒါ့အပြင် အမေရိကန်က ထိပ်တန်း လျှပ်စစ်ကား ကုမ္ပဏီဖြစ်တဲ့ Teslaကလည်း ၂၀၁၉ နှစ်ဆန်းပိုင်းလောက်မှာ Model 3 ဆီဒင်တွေကို စင်ကာပူဆီ တင်ပို့နိုင်ဖို့ လေ့လာ ဆန်းစစ်နေကြောင်း သိရှိရပါတယ်။

 

Ref: Business Inquirer

logo