
Koenigseggဟာ လုံခြုံရေး ကဏ္ဍအတွက် သုတေသနပြုမှု အနေနဲ့ Regera ဟိုက်ပါကား တစ်စီးကို ရည်ရွယ်ချက်ရှိရှိ တိုက်ချေ ဖျက်ဆီးပစ်ခဲ့ပါတယ်။
ဆွီဒင် ကားကုမ္ပဏီဟာ Regeraတွေကို ရောင်းတမ်းဝင်အဆင့် အစီးရေ ၈၀ သာ ကန့်သတ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ တစ်စီးကိုလည်း အခြေခံဈေးနှုန်းက ဒေါ်လာ နှစ်သန်းလောက်ထိ တန်ဖိုး ရှိနေတာပါ။ ဒါကြောင့် အခုလုပ်ရပ်ဟာ အပေါ်ယံ တွေးရင်တော့ နှမြောစရာ ကောင်းလွန်းပါတယ်။
ဒါပေမဲ့ Koenigseggကတော့ ကားတွေရဲ့ မတော်တဆမှု ကြုံရတဲ့ အခြေအနေမှာ ဘယ်လိုဘယ်ပုံ ထိခိုက်ပျက်စီးနိုင်ခြေ အမြင့်ဆုံးလဲ ဆိုတာကို လက်တွေ့ ဖော်ထုတ်ဖို့အတွက် အခုလို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အနာဂတ် ထုတ်ကုန်တွေမှာ လုံခြုံရေး ကဏ္ဍကို အားဖြည့် မြှင့်တင်ပေးနိုင်ဖို့အတွက် ဒီလုပ်ရပ်ကို ရည်ရွယ်ချက် ကောင်းကောင်းနဲ့ အကောင်အထည် ဖော်ခဲ့တယ်ဆိုရင် မမှားပါဘူး။
Koenigseggက Regera တစ်စီးကို ပုံစံ အမျိုးမျိုးနဲ့ တိုက်ခိုက်မှု ဖြစ်စေပြီး စမ်းသပ်နေတဲ့ ဗီဒီယို တစ်ခုကို Followerပေါင်း တစ်သန်းကျော် ရှိနေတဲ့ Instagram စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ အဲဒီမှာ ကုမ္ပဏီ ဝန်ထမ်းတွေက ကားကိုယ်ထည်ကို တူတွေနဲ့ ထုရိုက် ဖျက်ဆီးပြီး ခံနိုင်ရည် စမ်းသပ်နေပုံတွေကိုပါ မြင်ရပါတယ်။
Koeniseggဟာ ပထမဆုံး ရောင်းတမ်းဝင်အဆင့် Regeraတွေကို ၂၀၁၆ ဂျနီဗာ ကားပြပွဲမှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီကားတွေမှာ 5.0-litre Twin-Turbo အင်ဂျင်ကို တပ်ဆင်ထားပြီး စက်အားကို မြှင့်တင်ဖို့အတွက် မော်တာသုံးလုံးနဲ့ ဆက်သွယ် ထောက်ပံ့ပေးထားပါသေးတယ်။
Regeraတွေကို အစီးရေ ၈၀ ထုတ်လုပ်မယ်လို့ ကြေညာထားပြီး လောလောဆယ်မှာတော့ ကားအားလုံးအတွက် အမှာစာ ရထားပြီးပါပြီ။ Koenigseggဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး စူပါကားအဖြစ် နိုဝင်ဘာ လတုန်းက ကမ္ဘာ့စံချိန်သစ် တင်ခဲ့တဲ့ Agera RSတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
Ref: Fortune