Menu

You are here

Porscheက Mission E လျှပ်စစ်ပြိုင်ကားကို စွမ်းဆောင်ရည် သုံးမျိုး ခွဲခြားထုတ်လုပ်ဖို့ အတည်ပြု

Porscheက အသစ်ထုတ်လုပ်မယ့် လျှပ်စစ်ပြိုင်ကား Mission Eဟာ စွမ်းဆောင်ရည် အမျိုးအစား သုံးခုထိ ရွေးချယ်ခွင့် ရနိုင်မယ်လို့ သိရပါတယ်။

 

ဂျာမန် ဇိမ်ခံကား ကုမ္ပဏီဟာ Mission Eကို အဆင့်မြှင့် ဖန်တီး တည်ဆောက်နေတာ နှစ်ပေါင်း အတော်လေး ကြာခဲ့ပါပြီ။ ၂၀၁၉ လောက်မှာတော့ ဒီကားတွေကို ရောင်းတမ်းဝင်အဆင့် ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်။

 

လျှပ်စစ်စွမ်းအင် သီးသန့် အသုံးပြု မောင်းနှင်မယ့် Mission Eတွေကို စွမ်းဆောင်ရည်ပိုင်းအရ သုံးမျိုး ခွဲခြား ထုတ်လုပ်သွားဖို့ Porscheက စီစဉ်ထားပြီး ဈေးကတော့ ဒေါ်လာ ခုနစ်သောင်းခွဲလောက်ကနေ စတင်သတ်မှတ် ရောင်းချသွားမယ်လို့ အသစ် ထွက်ပေါ်လာတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

 

Porscheဟာ ကားနည်းပညာ မီဒီယာ တချို့ကို ဖိတ်ခေါ်ပြီး ဂျာမနီနိုင်ငံက ဝိုင်းဆက်ခ်ျ ပြိုင်ကွင်းမှာ Prototype အဆင့်အနေနဲ့ စမ်းသပ်နေတဲ့ Mission Eကို ပြသခဲ့ပါတယ်။ ဒါ့အပြင် ကားနဲ့ ပတ်သက်တဲ့ စမ်းသပ်မှု ရလဒ် အချက်အလက် တချို့ကိုလည်း ဝေမျှ အသိပေးခဲ့ပါတယ်။

 

အဓိက အချက်တွေကတော့ ကားရဲ့ စွမ်းဆောင်ရည်ပိုင်း ခွဲခြား ရွေးချယ်ခွင့် သုံးမျိုး သတ်မှတ်ပေးထားတာနဲ့ ဈေးအနည်းဆုံး မော်ဒယ်လ်ဟာ ဒေါ်လာ ခုနစ်သောင်းခွဲလောက် ကျသင့်မယ် ဆိုတာတွေပါပဲ။

 

Porscheရဲ့ အင်ဂျင်နီယာတွေက Mission Eတွေဟာ မြင်းကောင်ရေ ၄၀၂ ကောင်အား၊ မြင်းကောင်ရေ ၅၃၆ ကောင်အားနဲ့ မြင်းကောင်ရေ ၆၇၀ အား စွမ်းဆောင်ရည်တွေ သုံးမျိုးသုံးစား ကွဲပြား ထွက်ပေါ်လာမယ်လို့ ပြောပါတယ်။ ရုန်းအားကတော့ ၂၅၁ ပေါင်-ပေကနေ ၄၀၆ ပေါင်-ပေထိ ကွဲပြားနိုင်မယ်လို့ သိရပါတယ်။

 

လောလောဆယ်တော့ Prototypeအဆင့် စမ်းသပ်နေတဲ့ကားကို မြန်နှုန်းမြင့် မောင်းနှင်မှုရော၊ ခရီးဝေး မောင်းနှင်မှုတွေမှာပါ အပူလွန်ကဲ မြင့်တက်လာမှု မရှိအောင် အလေးထား ဖန်တီးနေပါတယ်။ ပြီးတော့ Porscheဟာ Mission Eတွေကို တစ်ကြိမ် အားသွင်းပြီးရင် မိုင်ပေါင်း ၃၀၀ လောက် ဆက်တိုက် မောင်းနှင်နိုင်ရေး မျှော်လင့်ချက်ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြောင်းလည်း အတည်ပြုထားပါတယ်။

 

Ref: Electrek

logo