Menu

You are here

Lamborghiniက လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ လောလောဆယ် ဖြစ်နိုင်ခြေ မရှိသေး

လျှပ်စစ်ကားတွေ ထုတ်လုပ်ရေး ရည်မှန်းချက်ကို ဆုပ်ကိုင်ထားပေမယ့် လောလောဆယ်တော့ Lamborghini အနေနဲ့ ဒီကိစ္စကို အကောင်အထည် ဖော်နိုင်ဖွယ် မရှိသေးကြောင်း သိရပါတယ်။

 

ကမ္ဘာကျော် အီတလီ စူပါကား ကုမ္ပဏီကြီးဟာ မက်ဆာချူးဆက် နည်းပညာ ဌာန(MIT)နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ အနာဂတ် လျှပ်စစ်ပြိုင်ကား Conceptဒီဇိုင်းအဖြစ် Terzo Millennioကို မိတ်ဆက် ပြသခဲ့ပါတယ်။ ဒီConceptဟာ ကမ္ဘာတလွှားက ကားပညာရှင်တွေ တအံ့တဩ ချီးကျူး အသိအမှတ် ပြုရလောက်အောင် ထူးကဲခဲ့ပေမယ့် လက်တွေ့ ထုတ်လုပ်တဲ့ အဆင့်ကို ရောက်လာဖို့တော့ လာမယ့် နှစ်ပိုင်းတွေအတွင်း မဖြစ်နိုင်သေးဘူးလို့ ဆိုတယ်။

 

ကားကုမ္ပဏီကြီး တော်တော်များများက ရေရှည်မှာ လောင်စာဆီသုံး အင်ဂျင်တွေကို လုံးဝဥဿုံ ကျောခိုင်းပြီး လျှပ်စစ်စွမ်းအင်သုံး မော်ဒယ်လ်တွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ Lamborghiniလည်း ဒီရေစီးကြောင်းမှာ ပါဝင်နေပေမယ့် လျှပ်စစ်ကားတွေ စတင် ရောင်းချနိုင်မယ့် သတ်မှတ်ကာလကို အခုထိ မရွေးချယ်နိုင်သေးပါဘူး။

 

Lamborghiniရဲ့ နည်းပညာဌာန အကြီးအကဲ မော်ရစ်ဇီယို ရက်ဂီယာနီက MITနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေဟာ အားရစရာ ဖြစ်နေပေမယ့် လျှပ်စစ်ပြိုင်ကားတွေ ထုတ်လုပ်ဖို့ကတော့ လာမယ့် နှစ်တွေအတွင်း ကုမ္ပဏီအတွက် ဖြစ်နိုင်ခြေ မရှိသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။

 

လောလောဆယ်တော့ Teslaဟာ ၂၀၂၀ ပြည့်နှစ်လောက်မှာ Roadsterပုံစံ စွမ်းဆောင်ရည်မြင့် လျှပ်စစ်ပြိုင်ကားတစ်မျိုး ထုတ်လုပ်မယ်လို့ အတည်ပြု ကြေညာထားပါတယ်။ Porscheကလည်း Mission E လျှပ်စစ်ပြိုင်ကားကို ၂၀၁၉ မှာ စတင်ရောင်းချနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

 

Ref: Tech Crunch

logo