Menu

You are here

သမားရိုးကျ လမ်းကြောင်းတွေကနေ ဖောက်ထွက်မယ့် စီမံကိန်းတွေနဲ့ Rolls-Royce

ကုမ္ပဏီရဲ့ သမားရိုးကျ လမ်းကြောင်းတွေက ဖောက်ထွက်တဲ့ အနာဂတ် စီမံကိန်းတွေကို ချမှတ်ထားကြောင်း Rolls-Royceရဲ့ အကြီးအကဲက အတည်ပြု ပြောကြားလိုက်ပါတယ်။

 

ဗြိတိန် ဂန္ထဝင် ဇိမ်ခကား အမှတ်တံဆိပ်ရဲ့ ဂျာမနီ နိုင်ငံသား အမှုဆောင်ချုပ် တော်စတန် မြူလာ အော့ဝေါ့စ်က Rolls-Royceဟာ ကားလောကရဲ့ နည်းပညာ ဆင့်ကဲ ပြောင်းလဲမှုတွေကို မျက်ခြေမပြတ်သလို လူငယ် ဖောက်သည်တွေကို ပိုမို ဆွဲဆောင်နိုင်ဖို့ပါ စဉ်းစားထားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

 

လောလောဆယ် နိုင်ငံတကာ ကားဈေးကွက်မှာ SUVတွေအပေါ် တောင်းဆိုမှု မြင့်တက်လာတာကို Rolls-Royceက အလေးအနက် သဘောပေါက်သလို လျှပ်စစ်ကား နည်းပညာကိုလည်း လက်တွေ့ အသုံးပြုသွားဖို့ ရှိနေကြောင်း အော့စ်ဝေါ့စ်က ဆိုတယ်။

 

၂၀၁၀ ပြည့်နှစ်မှာ Rolls-Royceရဲ့ အကြီးအကဲအဖြစ် စတင် နေရာရလာတဲ့ အော့စ်ဝေါ့စ်က လောလောဆယ်မှာ ကုမ္ပဏီရဲ့ ပထမဆုံး SUV အသစ်ကို ထုတ်လုပ်ဖို့ အဓိက အားထည့် ကြိုးစားနေကြောင်း ပြောပါတယ်။ ပုံမှန်ဆိုရင်တော့ Rolls-Royceဟာ ခန့်ခန့်ထည်ထည်နဲ့ ကိန်းကြီးခန်းကြီး နိုင်လွန်းတဲ့ ဇိမ်ခံ ဆီဒင်တွေကိုသာ တည်ဆောက် ထုတ်လုပ်လေ့ ရှိပါတယ်။

 

BMWရဲ့ လက်အောက်ခံ လုပ်ငန်းတစ်ခုဖြစ်တဲ့ Rolls-Royce အနေနဲ့ လျှပ်စစ်စွမ်းအင်သုံး ဇိမ်ခံကားတွေ ထုတ်လုပ်ရေး အတွက်လည်း စိုင်းပြင်းနေပါတယ်။ ဒါပေမဲ့ လောင်စာဆီသုံး အင်ဂျင်တွေကနေ လျှပ်စစ် ဘက်ထရီတွေ ပြောင်းလဲ အသုံးပြုရာမှာ Hybrid နည်းပညာကို တစ်ဆင့်ခံဖို့တော့ မရှိကြောင်း ကုမ္ပဏီနဲ့ နီးစပ်သူတွေက ကြိုတင် အတည်ပြု မှတ်ချက် ပေးထားဖူးပါတယ်။

 

Rolls-Royceဟာ ကုမ္ပဏီက ထုတ်လုပ်နေတဲ့ မော်ဒယ်လ်တွေကို လူငယ်ပိုင်းအတွက် ပိုမို ဆွဲဆောင်နိုင်စေဖို့ အသွင်သဏ္ဍန် ပြောင်းလဲထားတဲ့ Black Badgeဆိုတဲ့ စီးရီးတွေကိုလည်း လက်ရှိထက် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။

 

Ref: Handlesblatt

logo