Menu

You are here

နှင်းဖုံးလမ်းတွေအတွက် မောင်းသူမဲ့ကား တစ်မျိုးကို ဖင်လန် နည်းပညာ ကုမ္ပဏီတစ်ခု စမ်းသပ်နေ

ဖင်လန်နိုင်ငံက သုတေသန ဌာနတစ်ခုဟာ ရာသီဥတု အေးခဲလွန်းတဲ့ နေရာတွေမှာ အဓိက အသုံးချနိုင်မယ့် မောင်းသူမဲ့ကား နည်းပညာကို စမ်းသပ်နေပါတယ်။

 

VTT နည်းပညာ သုတေသနစင်တာက ပညာရှင်တွေဟာ Marttiလို့ နာမည်ပေးထားတဲ့ မောင်းသူမဲ့ကား တစ်စီးကို နှင်းဖုံးတဲ့ ဧရိယာတွေမှာ လက်တွေ့ မှတ်တမ်းယူ စမ်းသပ်နေပါတယ်။ Marttiဟာ နှင်းတွေ ဖုံးလွှမ်းနေပြီး ရာသီဥတု အေးခဲနေတဲ့ နိုင်ငံတွေမှာ မောင်းနှင်နိုင်စေဖို့ ရည်ရွယ် တည်ဆောက်နေတဲ့ မောင်းသူမဲ့ကားပါ။

 

သုတေသီတွေက Volkswagenရဲ့ Touareg တစ်စီးကို အခြေပြုပြီး မောင်းသူမဲ့ နည်းပညာ အထောက်အပံ့ ပစ္စည်းတွေ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီကားမှာ အင်တင်နာတွေ၊ ကင်မရာတွေ၊ လမ်းကြောင်းပြ စနစ်တွေ၊ အာရုံခံ ကိရိယာတွေနဲ့ လေဆာ ထောက်လှမ်းရေး ပစ္စည်းတွေ ပါဝင်ပါတယ်။

 

Marttiဟာ နှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေတဲ့ နေရာမျိုးမှာ အမြန်ဆုံး မောင်းနှင်နိုင်တဲ့ စမ်းသပ်အဆင့် မောင်းသူမဲ့ကား အဖြစ်လည်း မှတ်တမ်း တင်ထားနိုင်ပါတယ်။ လောလောဆယ်တော့ Marttiဟာ နှင်းဖုံးနေတဲ့ လမ်းတွေမှာ တစ်နာရီ ၂၅ မိုင်နှုန်းထိ အမှားအယွင်းမရှိ တုံ့ပြန် မောင်းနှင်နေနိုင်ပြီလို့ ဆိုတယ်။

 

ကားရဲ့ စမ်းသပ်မှုတွေကိုတော့ ဖင်လန်နိုင်ငံ၊ မွာနီယိုမြို့က Aurora E8 လမ်းမကြီးပေါ်မှာ ပြုလုပ်နေတာပါ။ VTTဟာ နှင်းဖုံးလမ်းတွေမှာ မောင်းသူမဲ့ကားတွေ စမ်းသပ်တဲ့ ပထမဆုံး သုတေသန ဌာနတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနယ်ပယ်မှာ ပြိုင်ဆိုင်မှုတွေ ရှိနေခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာ တစ်ရပ်လို့ ပြောနိုင်ပါတယ်။

 

VTTရဲ့ သုတေသီ အဖွဲ့ဟာ မောင်းသူမဲ့ နည်းပညာနဲ့ ပတ်သက်ပြီး ပိုမိုတိကျတဲ့ တုံ့ပြန်နိုင်စွမ်းတွေ ရှိစေဖို့အတွက် မြင်ကွင်း ထောက်လှမ်းမှုဆိုင်ရာ အစိတ်အပိုင်းတွေ နောက်ထပ် အဆင့်မြှင့်ဖို့နဲ့ ရေဒါတွေရဲ့ ပုံရိပ်ဖော် စွမ်းရည်ကို မြှင့်တင်ဖို့လည်း ပြင်ဆင်နေကြောင်း သိရပါတယ်။

 

Ref: Drive

logo