
Aston Martinဟာ ပြိုင်ကွင်းသီးသန့် မောင်းနှင်နိုင်မယ့် Vulcan စူပါကားတွေကို ၂၀၁၅ မှာ စတင် ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ မြို့တွင်းလမ်းတွေ အတွက်ပါ ကိုက်ညီမယ့် ပထမဆုံး Vulcanတစ်စီး ထွက်ပေါ်လာပါပြီ။
ဒီကားကို မြို့တွင်းလမ်းတွေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲခဲ့တာကတော့ RML Groupက ဖြစ်ပါတယ်။ ဗြိတိန် ကားကုမ္ပဏီ Aston Martinဟာ Vulcanတွေကို စုစုပေါင်း ၂၄ စီးသာ ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားတွေဟာ တစ်စီးကို ဒေါ်လာ ၂.၃ သန်းလောက် တန်ကြေးရှိပါတယ်။
RML Groupကတော့ Vulcanတစ်စီးကို မြို့တွင်းက လမ်းတွေပေါ် မောင်းနှင်နိုင်လောက်အောင်ပါ ပြန်လည် ချိန်ညှိ ပြင်ဆင်ပြလိုက်ပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာပေါ်မှာ တစ်စီးတည်းသော မြို့တွင်းသုံး Vulcanလည်း ဖြစ်ပါတယ်။
မြို့တွင်း လမ်းတွေမှာ အဆင်ပြေအောင် ပြောင်းလဲဖို့အတွက် Vulcanရဲ့ ဒီဇိုင်းပိုင်းကိုပါ ပြန်လည် ပြင်ဆင်ရတာတွေ အပါအဝင် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တစ်ခုလုံး ၁၈ လလောက် ကြာမြင့်ပါတယ်။ RML Groupဟာ ကားရဲ့ စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကိုတော့ အပြောင်းအလဲ မလုပ်ခဲ့ပါဘူး။ ဒါကြောင့် မြင်းကောင်ရေ ၈၂၀ အား 7.0-litre V12 အင်ဂျင်ကိုပဲ ဆက်လက် အသုံးပြုထားမှာ ဖြစ်ပါတယ်။
Vulcanတွေရဲ့ မူလ တည်ဆောက်မှုဟာ မြို့တွင်း လမ်းတွေမှာ မောင်းနှင်တဲ့ မော်ဒယ်လ်တွေ လိုက်နာရမယ့် အချက်အလက်တွေကို မျက်ကွယ်ပြုပြီး စွမ်းဆောင်ရည် ကဏ္ဍကိုပဲ အသားပေး ဖန်တီးထားပါတယ်။ အခုကားမှာတော့ ဂီယာ ချိန်ညှိမှု အယူအဆတွေကအစ ပြန်လည် ပြောင်းလဲခဲ့ရတယ်လို့ သိရပါတယ်။
RML Groupက တကယ်လို့ ဒီကားကို မှာယူတဲ့ ပိုင်ရှင်ဖြစ်သူ ဆန္ဒရှိရင် မူလ ပြိုင်ကွင်းသုံး Vulcanအဖြစ် ပြန်လည် ပြောင်းလဲပေးဖို့ပါ ကူညီမယ်လို့ ပြောကြားထားပါတယ်။
Ref: Express