
Apolloရဲ့ ဟိုက်ပါကား အသစ်ကို တရုတ် ဈေးကွက်မှာပါ တင်ပို့နိုင်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
ဂျာမန် ကားကုမ္ပဏီကြီးဟာ Intensa Emozione ဟိုက်ပါကားကို စုစုပေါင်း ၁၀ စီးသာ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ တစ်စီးကို ဒေါ်လာ ၂.၃ သန်း ဈေးသတ်မှတ်ထားတဲ့ ကားတွေကို သတ်မှတ် အရေအတွက်အတိုင်း ရောင်းချပြီးချိန်မှာ Apolloက လျှပ်စစ်ကား နည်းပညာဘက်ကို ဇောက်ချ ပြောင်းလဲဖို့ ရည်ရွယ်ထားပြီးသားပါ။
Intensa Emozioneရဲ့ ကိုယ်ထည်ကို ကာဘွန်ဖိုင်ဘာ အစိတ်အပိုင်းတွေနဲ့ အဓိက တည်ဆောက်ထားတာကြောင့် မာကျော ခိုင်မာပြီး ပေါ့ပါးလွန်းပါတယ်။ Apolloကို ဟောင်ကောင် သူဌေးကြီး နော်မန်ချွိုင်က ၂၀၁၄ မှာ ဝယ်ယူထားတာကြောင့် တရုတ်ဈေးကွက်မှာပါ ကုမ္ပဏီထုတ် ဟိုက်ပါကား အသစ်ကို ရောင်းချဖို့ စိတ်ကူးနေတာ ဖြစ်ပါတယ်။
Intensa Emozioneမှာ မြင်းကောင်ရေ ၇၈၀ အားထိရှိတဲ့ 6.3-litre V12 အင်ဂျင်ကို တပ်ဆင်ထားပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၂၀၈ မိုင်လောက်ထိ မောင်းနှင်နိုင်မယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ Apolloက ဒီကားကို ဂျာမနီက လမ်းမတချို့မှာ လက်တွေ့ စမ်းသပ် မောင်းနှင်မှုတွေ စတင်နေပါပြီ။
Apolloဟာ တရုတ်ဈေးကွက်မှာ ကားတွေ တင်ပို့ ရောင်းချနိုင်ဖို့အတွက် မြို့ကြီး ၁၀ မြို့က အရောင်းပြခန်း ဝန်ဆောင်မှု ဌာနတွေနဲ့ ချိတ်ဆက်ပြီးသားလို့လည်း သိရပါတယ်။
Ref: Financial Times