
Chevroletရဲ့ Corvette Z06 တစ်စီးကို Genovationက လျှပ်စစ်စွမ်းအင် သီးသန့်သုံး မော်ဒယ်လ်အဖြစ် လက်စွမ်းပြ ပြောင်းလဲ ဖန်တီးလိုက်ပါတယ်။
ဒီကားကို ဇန်နဝါရီမှာ ကျင်းပမယ့် CES နည်းပညာ ပြပွဲမှာ တရားဝင် မိတ်ဆက်သွားမယ်လို့လည်း Genovationက အတည်ပြုခဲ့ပါတယ်။ GXEလို့ နာမည်ပေးထားတဲ့ကားကို ဒေါ်လာ ခုနစ်သောင်းခွဲလောက် ဈေးသတ်မှတ် ရောင်းချဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုတယ်။
Corvette Z06ဟာ မကြာသေးမီက ထွက်ပေါ်လာတဲ့ Corvette ZR1ကြောင့် Chevroletရဲ့ အမြန်ဆုံး ထုတ်ကုန်ဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ရပါပြီ။ ဒါပေမဲ့ လျှပ်စစ်စွမ်းအင် အသုံးပြု ပါဝါရင်းမြစ်မျိုးနဲ့ ပြောင်းလဲထားတယ်ဆိုတဲ့ အချက်ကတော့ စိတ်ဝင်စားစရာ ဆွဲဆောင်မှု တစ်ခုပါ။
GXEဟာ လောင်စာဆီသုံး အင်ဂျင် တပ်ဆင်ထားတဲ့ Corvette Z06 တစ်စီးလိုပဲ ပြေးလမ်းတွေပေါ်မှာ မြန်နှုန်းအရ ဘီလူးစီးနေတဲ့ ကားတစ်စီး ဖြစ်စေမယ်လို့ Genovationက အာမခံထားပါတယ်။ ဒီကားရဲ့ စုစုပေါင်း စက်အားဟာ မြင်းကောင်ရေ ၈၀၀ စာလောက် ရှိပြီး ၇၀၀ ပေါင်-ပေ ရုန်းအားမျိုးကို ထုတ်ပေးနိုင်ပါတယ်။
Genovationက ထုတ်ပြန်ထားတဲ့ အချက်တွေအရ ဒီကားဟာ ရပ်နားထားရာကနေ တစ်နာရီ မိုင် ၆၀ နှုန်းကို ၃ စက္ကန့်အောက် အချိန်တိုအတွင်း မြှင့်တင်နိုင်ပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီ မိုင် ၂၂၀ လောက်ထိ မောင်းနှင်နိုင်မယ်လို့ သိရပါတယ်။ ကားရဲ့ အစိတ်အပိုင်း တချို့ကိုလည်း ကာဘွန်ဖိုင်ဘာ အစားထိုး တပ်ဆင်မှုကြောင့် အလေးချိန်လည်း လျော့သွားမှာ ဖြစ်ပါတယ်။
Genovationကတော့ မှာယူမှု အရေအတွက်ကို ကြည့်ပြီး GXEတွေ စုစုပေါင်း ၇၅ စီးလောက်ထိ ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီကားမှာ စွမ်းဆောင်ရည်ပိုင်းကို အဓိက အသားပေး တည်ဆောက်ထားတာကြောင့် ဘက်ထရီ သုံးစွဲမှုက သက်တမ်း သိပ်ကြာမှာ မဟုတ်ပါဘူး။ GXEတွေဟာ တစ်ကြိမ် အားသွင်းပြီးရင် မိုင်ပေါင်း ၁၃၀ လောက်ပဲ ဆက်တိုက် မောင်းနှင်နိုင်မယ်လို့လည်း ကုမ္ပဏီက ပြောကြားထားပါတယ်။
Ref: Inside EVs