Menu

You are here

Review: 2017 Toyota Prius Prime

Toyotaက 2017 Prius Prime မော်ဒယ်လ် Hybridကားကို မိတ်ဆက်လိုက်ချိန်မှာ ဒီဇိုင်းပိုင်းရော၊ နည်းပညာအရပါ သိသာထင်ရှားတဲ့ ပြောင်းလဲ မွမ်းမံမှုတွေ ပြုလုပ်လာပါတယ်။

အရင်မျိုးဆက်ထက် ကိုယ်ထည်အရွယ်အစား ၂.၄ လက်မ ပိုရှည်လာပြီး ၀.၆ လက်မ ပိုကျယ်သွားတာကြောင့် သိသိသာသာ ကြီးမား ကျယ်ပြန့်လာတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Prius Primeရဲ့ ကားရှေ့ပိုင်း ဒီဇိုင်းတည်ဆောက်ပုံကို အဓိကထား အပြောင်းအလဲတွေ လုပ်ထားပါတယ်။ ရှေ့မီးကြီးတွေရဲ့ ဒီဇိုင်းပုံစံက ပိုပြီး သေသပ်လာသလို ပုံမှန် Priusတွေမှာ ပါတတ်တဲ့ ငါးပါးစပ်ပုံ ကိုယ်ထည်အောက်ပိုင်းကို လုံးဝ ဖယ်ထုတ်လိုက်ပါတယ်။ နောက်မီးကိုလည်း ကားရဲ့ အမြီးပိုင်းမှာ မြှင့်တင် တပ်ဆင်ထားတာကို တွေ့ရတယ်။

ကိုယ်ထည်အတွင်းပိုင်း ဖွဲ့စည်းပုံမှာလည်း သိသာတဲ့ အပြောင်းအလဲတွေ ရှိလာပါတယ်။ Priusတွေရဲ့ ပဉ္စမမျိုးဆက် ဖြစ်လာမယ့် မော်တော်ကား အတွင်းပိုင်း ကိုယ်ထည်ဟာ လေးယောက်ထိုင် အိမ်ခန်းငယ်လေး တစ်ခုလို ဖြစ်လာပါတယ်။ အရင်မော်ဒယ်လ်တွေတုန်းက ကိုယ်ထည်ဖွဲ့စည်းမှု အပိုင်းမှာ ဝေဖန်မှုတချို့ ရှိခဲ့တာကို သင်ခန်းစာယူပြီး Toyotaက ဒီဇိုင်းအပြင်အဆင်ကို အတော်လေး အဆင့်မြှင့် ဆန်းသစ်ထားပါတယ်။

ကားရဲ့ အလေးချိန်ကို လျှော့ချဖို့အတွက် Toyotoက Prius Primeရဲ့ ကိုယ်ထည်ကို ခံနိုင်ရည် အားကောင်းတဲ့ သံမဏိ၊ ကာဘွန်ဖိုင်ဘာတွေနဲ့ သေချာ အချိုးချ ရောစပ်တည်ဆောက်ထားပြီး အလူမီနီယံ ရှေ့ဖုံးကို တပ်ဆင်ထားတယ်။ ကားရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ ပတ်သက်ပြီး သတ်သတ်မှတ်မှတ် အချက်အလက်တွေ ထုတ်ပြန်မထားပေမယ့် 2016 Priusနဲ့ ယှဉ်ရင် တရွတ်ဆွဲသွားတဲ့ အခြေအနေမျိုးတွေကို ပိုပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ်လာနိုင်မယ်လို့ ယူဆရပါတယ်။

Hybridကား တစ်စီးဖြစ်တဲ့အတွက် Prius Primeဟာ လောင်စာဆီရော၊ လျှပ်စစ်စွမ်းအင်ကိုပါ အသုံးပြု မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Toyotaရဲ့ Hybrid Synergy Drive နည်းပညာကို ပြန်လည် အသုံးပြုပြီး 1.8-litre Atkinson-cycle လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတဲ့ မော်တော်ကားမှာ လျှပ်စစ်ကားအဖြစ် မောင်းနှင်ရင် အကောင်းဆုံး ထောက်ပံပေးဖို့ MG1နဲ့ MG2ဆိုတဲ့ မော်တာ စနစ်တွေ ပါရှိလာတယ်။ အဲဒီမော်တာတွေက ကားရဲ့ အီလက်ထရောနစ် စနစ်တွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို ထုတ်ပေးဖို့လည်း တာဝန်ယူရတယ်။ တကယ်လို့ MG1နဲ့ MG2 မော်တာနှစ်လုံးစလုံး တစ်ပြိုင်တည်း အလုပ်လုပ်နေရင် ကားရဲ့ အရှိန်ကို မြှင့်တင်ပေးနိုင်မယ်လို့လည်း Toyotaက ဆိုတယ်။

2017 Prius Primeမှာ အဓိက အားကောင်းလာတဲ့ မြှင့်တင်ဖြည့်စွက်မှုကတော့ 8.8kWhအားနဲ့ Lithium-ion ဘက်ထရီပါပဲ။ အရင် Prius Plug-in Hybrid ကားတွေမှာတုန်းက ဘက်ထရီ စွမ်းဆောင်ရည်က 4.4kWhပဲ ရှိတယ်။ ဒါကြောင့် Toyotaရဲ့ အခု ထုတ်ကုန်သစ်မှာ ဘက်ထရီစွမ်းအင် နှစ်ဆထိ မြင့်တက်လာတဲ့ သဘောပါ။

လျှပ်စစ်ကား အနေနဲ့ မောင်းနှင်ရာမှာ အကောင်းဆုံး အတွေ့အကြုံမျိုး ရရှိစေဖို့အတွက် Toyotaက EV Modeကို ရွေးချယ်ခွင့် ပေးထားပြီး စမ်းသပ်ချက်တွေအရ လျှပ်စစ်စွမ်းအင် သက်သက်နဲ့ မောင်းနှင်တဲ့အခါ အမြင့်ဆုံး တစ်နာရီ ၈၄ မိုင်မြန်နှုန်းနဲ့ ၂၂ မိုင်ထိ ခရီးပေါက်အောင် မောင်းနိုင်ကြောင်း တွေ့ရှိရတယ်။ Toyotaရဲ့ အဆိုအရ Prius Primeကို အပြည့်အဝ အားသွင်းထားဖို့အတွက် စံသတ်မှတ်ချက် 240Vရှိတဲ့ လျှပ်စစ်စွမ်းအင် ရင်းမြစ်ကနေ ၅ နာရီခွဲ အချိန်ယူ ဖြည့်တင်းရမယ်လို့ သိရပါတယ်။ တကယ်လို့ ဘက်ထရီလည်း အားအပြည့်ရှိ၊ တိုင်ကီရဲ့ ဝင်ဆံ့ပမာဏအတိုင်း ဆီ ၁၁.၃ ဂါလံ အပြည့်ဖြည့်ထားမယ် ဆိုရင် Prius Primeကို မိုင် ၆၀၀ ထိ ဆက်တိုက် ခရီးပေါက်အောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

 

Hybrid အများစုလိုပဲ Prius Primeဟာလည်း ဓာတ်ဆီအင်ဂျင်နဲ့ အီလက်ထရောနစ် မော်တာတွေကို သာမန် အခြေအနေမှာ နှစ်မျိုးစလုံး မျှတရောစပ် အသုံးချပြီး မောင်းနှင်နိုင်ပါတယ်။ Toyotaကတော့ Prius Primeရဲ့ ဒီဇိုင်းပိုင်းကို လျှပ်စစ်စွမ်းအင်အပေါ် ပိုပြီး မှီခိုအောင် ရည်ရွယ် တည်ဆောက်ထားပြီး ခြုံကြည့်ရင် လောင်စာဆီ အသုံးပြုခြင်းထက် လျှပ်စစ်စွမ်းအင်နဲ့ မောင်းနှင်ရာမှာ စွမ်းဆောင်ရည်ပိုင်း ပိုကောင်းမွန်တယ်လို့ ညွှန်းဆိုထားတယ်။ ပြီးတော့ ဒီကားတွေဟာ မြို့တွင်းနဲ့ ဆင်ခြေဖုံးတွေမှာ သွားလာဖို့၊ ခရီးတို မောင်းနှင်ဖို့အတွက် အဓိက သင့်တော်မယ်လို့လည်း ဆိုတယ်။

Prius Primeဟာ Prius Plug-in Hybridတွေရဲ့ ဒုတိယမျိုးဆက်လည်း ဖြစ်ပါတယ်။ Toyotaက Prius Primeကို နွေရာသီမှာ တင်ပို့ ရောင်းချမယ်လို့ ကြေညာထားပေမယ့် ရက်အတိအကျနဲ့ ဈေးနှုန်း သတ်မှတ်ချက်တွေကိုတော့ မသိရသေးပါဘူး။

ZYW

Ref: Car and Driver

 

logo