Menu

You are here

စိုင်းလွှမ်းရဲ့ Audi 2016

ဒီတစ်ပတ်ရဲ့ အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ ဒုတိယတစ်ကိုယ် တော်စီးရီးထွက်ဖို့ စီစဉ်နေတယ် ဆိုတဲ့ အဆိုတော်စိုင်းလွှမ်းကို သူ့ရဲ့ကားအကြောင်း တွေ့ဆုံမေး မြန်းခဲ့ပါတယ်။

မင်္ဂလာပါ အစ်ကို။ အခုလက်ရှိစီး နေတဲ့ကားအမျိုးအစားနဲ့ ဒီကား ၀ယ်ဖြစ်ခဲ့ပုံလေးကို အရင်ဆုံးပြောပြပေးပါ။

ကျွန်တော် အခုလက်ရှိစီးနေ တဲ့ကားလေးကတော့ ဂျာမနီထုတ်ကားအမျိုးအစားဖြစ်တဲ့ အော်ဒီ၂၀၁၆ ကားလေး ပါ။ အင်ဂျင်ပါဝါ က 3.0 ဒီဇယ်ကားအမျိုးအစား လေးပေါ့။ အစကကျွန်တော်စီးဖြစ်တာ ဟမ်းမားကိုစီးတာဆို တော့ မြို့တွင်းလောက်ပဲ အဆင် ပြေတာများတယ်။ ကျွန်တော်က နယ်တွေဘက်အသွားများတော့ ကားပြောင်းစီးမှဖြစ်မယ်ဆိုပြီးဒီ ကားလေးကိုရွေးလိုက်တာပါ။ဒီ ကားက ခရီးသွားတဲ့အမြန်လမ်း တွေမှာ မောင်းရတာပိုအဆင်ပြေသလို ဒီဇယ်အမျိုးအစားဆိုတော့ ဆီစားတော်တော် သက်သာတယ်။ပြီးတော့လည်း ကိုယ်တိုင်ကားမောင်းတာဆိုတော့ ကားထဲမှာပါတဲ့ Security တွေ၊ လေအိတ်တွေက အရည်အသွေး စိတ်ချရတယ်ဆိုတော့ ဒီကားလေးကို ၀ယ်စီးဖြစ်ခဲ့တာပါ။

ဟုတ်ကဲ့ပါ အစ်ကို။ အစ်ကိုကအရင်ဟမ်းမားစီးတာဆိုတော့ ခု ကားနဲ့ကွာခြားမှုလေးတွေ ပြောပြပါဦး။

ဟမ်းမားက အစ်ကို မြို့တွင်းရိုက်ကူးရေးသွားတဲ့အခါလောက်ပဲ အဆင်ပြေတယ်။ အဲဒီကားနဲ့ဆိုခရီးဝေးတွေသွားရင် ဆီစားကအရမ်းများတော့ အစ်ကို့အနေနဲ့ လုံးဝမသက်သာဘူး။ ဘာလို့လဲဆိုတော့ အစ်ကိုက ရန်ကုန်၊ မန္တလေး အသွားအပြန်ရှိနေတာဆိုတော့ အဲဒီကားစီးရင် ဆီစားနှုန်းအရမ်းများတော့ ဒီကားလေးပြောင်းစီးဖြစ်တာပါ။ ဒီကားကျတော့ တော်တော်ကွာသွားတယ်။ အင်ဂျင်ပါဝါလည်းမြင့်ပြီး ဆီစားနှုန်းကလည်းနည်းတော့ အစ်ကို့အတွက် တော်တော်အဆင်ပြေတယ်။ ဥပမာ ရန်ကုန်၊ မန္တလေး အသွားအပြန်ဆို ဆီလေးသောင်းဖိုးလောက် ထည့်ထားရင် ရန်ကုန်ပြန်ရောက်တဲ့အထိ ဆီတွေတော်တော်ကျန်သေးတယ်။ အဲဒါတစ်ချက်နဲ့တင် တော်တော်ကွာခြားသွားတာ။ ဟမ်းမားစီးတုန်းကဆို ဘယ်အချိန်ဆီများပြတ်မလဲဆိုပြီးခရီးထွက်ရင် အမြဲစိုးရိမ်နေခဲ့ရတာ။ ကိုယ်ဆီပြတ်တဲ့နေရာက ဆီဆိုင်တွေမရှိဘူးဆို အရမ်းဒုက္ခ ရောက်ရတယ်။ ဒီကားကတော့ အဲဒီလိုတွေမရှိဘဲ အခုချိန်အထိတော့ အဆင်ပြေပါတယ်။

အစ်ကို့အနေနဲ့ ဒီကားရဲ့ အားသာချက် အားနည်းချက်လေးတွေကကော ဘာတွေများဖြစ်မလဲ။

ဒီကားရဲ့အားသာချက်ကတော့ ခရီးတွေသွားရင် အမြန်လမ်းတွေကားမောင်းတဲ့အခါ အိပ်ငိုက်ရင် Alarm ထမြည်တာတို့၊ အရှိန်များလာပြီဆို သတိပေးတာတို့ အဲဒီလိုသတိပေးတဲ့စနစ်တွေ အစုံပါတယ်ဆိုတော့ကိုယ့်အသက် အန္တရာယ်အတွက်တော့ တော်တော်လုံခြုံသွားတယ်။ ပြီးဒီဇယ်ကားအမျိုးအစားဆိုတော့ ဆီဖိုးသက်သာတယ်။ အားနည်းချက်အနေနဲ့ ကားက၀က်ဂွန်အမျိုးအစားဆိုတော့ ကြီးတဲ့အထဲပါတယ်။

 အဲဒီတော့ ရန်ကုန်မြို့ထဲလမ်းကျပ်၊ကားကျပ်တဲ့နေရာတွေမှာ မောင်းရတာတော့ တော်တော်သတိထားရတယ်။ ကားတွေကျပ်နေရင် ကားကအကြီးဆိုတော့တိုးရတာ အဆင်မပြေဘူးပေါ့။

အခုလက်ရှိစီးနေတဲ့ကားလေးနဲ့ ခရီးသွားမယ်ဆို ဘယ်လိုနေရမျိုးကို သွားချင်ပါသလဲ။

အစ်ကိုက ခရီးတွေကအမြဲ သွားတာတော့များတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာတစ်ယောက်တည်း သွားတဲ့အချိန်က ပိုများတယ်။ မိသားစုစုံစုံလင်လင်သွားရတာ တော့နည်းတယ်။ သုံးယောက် စလုံးကလည်း အလုပ်တွေကရှုပ် နေတာဆိုတော့ တစ်နေရာရာသွားဖို့ဆိုတာမလွယ်ဘူး။ တကယ်လို့ ခရီးသွားရမယ်ဆို မိသားစု စုံစုံလင်လင်နဲ့ အလုပ်တွေမပါဘဲ ကမ်းခြေလိုနေရာမျိုးတွေ သွား ချင်ပါတယ်။

အစ်ကိုပြောပြတာတွေအရဆို အစ်ကိုက ခရီးတွေတော်တော် များများသွားရတယ်ဆိုတော့ ခရီး သွားရင် ကိုယ့်ကိုယ်ကိုယ် Safe ဖြစ်အောင် ဘယ်လိုတွေပြင်ဆင် ဖြစ်လဲဆိုတာ ပြောပြပေးပါဦး။

ဒီကားကခရီးသွားရင် အဆင်ပြေတဲ့ကားဆိုတော့ Service ပိုင်းအနေနဲ့တော့ ထွေထွေထူးထူး ပြင်စရာတော့မရှိဘူး။ ဒါပေမဲ့ ဆီရေလေ၀ိုင်တော့ ခရီးမသွားခင် အမြဲစစ်တယ်။ နောက်ခရီးတွေ သွားရင်လည်း အစ်ကို့အနေနဲ့ မိုင်တိုင်တွေ လိုက်မှတ်တယ်။ ဘယ်နှမိုင်ရောက်ပြီပေါ့။ ဘယ် လောက်လိုသေးတယ်ဆိုပြီးတော့ ပေါ့။ အဲဒီလိုမှတ်နေတော့ ကိုယ် ကအိပ်မငိုက်ဖြစ်တော့ဘူး။ ပြီး တော့ လမ်းမှာစိုက်ထားတဲ့ ယာဉ် စည်းကမ်းလမ်းညွှန်တွေလည်း အမြဲဖတ်ဖြစ်တယ်။ သူတို့က ၁၀၀ နှုန်းထက်မပိုရဆို အစ်ကို လည်း သတ်မှတ်တဲ့အတိုင်း လိုက်မောင်းတယ်ဆိုတော့ မလိုလား အပ်တဲ့ ယာဉ်တိုက်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ အဲဒီအတိုင်းခရီးတွေထွက်တိုင်း ကိုယ့်ဘာသာ Safe ဖြစ်အောင် အမြဲလုပ်ဆောင်ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ကားမောင်းတဲ့သူတွေအတွက် အကြံပြုစကား လေး ပြောပြပေးပါဦး။

 အစ်ကိုပြောချင်တာက တော့ သတိအမြဲထားပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပါလို့ အကြံပြုချင်ပါတယ်။ နောက်တစ်ခုအနေနဲ့ ခါးပတ်ပတ်ဖို့ကလည်း အရေးကြီးပါတယ်။ မတော်လို့ တစ်ခုခုဖြစ်သွားရင်တောင် ခါးပတ်ပတ်ထားတာ ကြောင့် ကိုယ့်အသက်ကို အနည်းဆုံးထိခိုက်မှုကနေ လျော့နည်း အောင် ကာကွယ်ပြီးသားဖြစ်ပါ တယ်။ ဒါကြောင့် ကားမောင်းမယ်ဆိုရင် ခါးပတ်ပတ်ပြီး သတိရှိရှိနဲ့  ယာဉ်စည်းကမ်းလိုက်နာမယ်ဆို ရင် ယာဉ်တိုက်မှုအန္တရာယ်တွေ လျော့နည်းသွားမှာပဲ ဖြစ်ပါ တယ်။

ကျေးဇူးတင်ပါတယ်။

__ လွင်သဲငယ်ဦး

logo