Menu

You are here

ရန်ကုန်တွင် လိုင်စင်မဲ့ကား လေးရက်လျှင် တစ်စီးဖမ်းမိနေ

ရန်ကုန်-ရန်ကုန်မြို့၌ ၂၀၁၆ ကိုးလအတွင်း လိုင်စင်မဲ့မော်တော်ယာဉ်လေးရက်လျှင် တစ်စီးနှုန်းခန့် ဖမ်းဆီးရမိနေကြောင်း အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

၂၀၁၆ ဇန်န၀ါရီမှ စက်တင် ဘာလကုန်အထိ လိုင်စင်မဲ့ယာဉ် ၇၄ စီး ဖမ်းဆီးရမိပြီး ယင်းတွင် ပိုင်ရှင်မဲ့ယာဉ် ၇၂ စီးပါဝင်ကြောင်း သတင်းရရှိသည်။

လိုင်စင်မဲ့ယာဉ်များ မောင်းနှင်မှုရှိနေခြင်းကြောင့် ယာဉ်ကြော ကျပ်တည်းမှုများနှင့် တိုက်ပြေးမှုများ ဖြစ်ပွားနေပြီး ယင်းကြောင့် မြို့တွင်းဝင်ရောက်မောင်းနှင်နေသော လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီး အရေးယူမှုများကို စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး အောင်ကိုဦးက ပြောကြား သည်။

‘‘လက်ရှိမှာ ရန်ကုန်လိုင်စင် လည်းပေးမထားတော့ လူတွေက နံပါတ်တွေပွားပြီး စီးတာ။ ၀ှီးတက်အတုတွေလုပ်တယ်။ ယာဉ်နံပါတ်ပျောက်ဆုံးလုပ်ပြီး မသမာမှုတွေ လုပ်ဆောင်တာတွေ လုပ်လာကြတယ်။ လမ်းဘေးမှာ အချိန်အကြာကြီးရပ်ထားလို့ ပြည်သူက သတင်းပေးတိုင်ကြားတာ၊ညဘက် ရှော့ပင်းစင်တာတွေမှာ ဖမ်းဆီးရတာတွေများတယ်’’ ဟု ဒုရဲမှူးကြီးအောင်ကိုဦးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုများ အရှိန်မြှင့် လုပ်ဆောင်မည်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ထက် ဖမ်းဆီးရမိမှုပိုများလာ သည်ဟုဆိုသည်။ ၂၀၁၅ တွင် ရန်ကုန်တိုင်း၌ လိုင်စင်မဲ့ယာဉ် ၇၅ စီးဖမ်းဆီးရမိကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ထုတ် ပြန်သည်။၂၀၁၆ တွင် လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရမိမှု စက်တင်ဘာလ၌ ၁၆စီးဖြင့် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံး ဖမ်းဆီးရမိမှုသည် ဇွန်လတွင် ၁၀ စီး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

လိုင်စင်မဲ့ယာဉ်ကို ပိုင်ရှင်နှင့်အတူ ဖမ်းမိလျှင် သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၈ အရ ထောင်ဒဏ် ၂ နှစ်၊ ဒဏ်ငွေကျပ် နှစ်သိန်းချမှတ်နိုင်ပြီး လိုင်စင်မဲ့ယာဉ်ကို နိုင်ငံပိုင်သိမ်းဆည်းမည်ဖြစ်ကြောင်း အမှတ်(၂)ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

 

_မိုးမြင့်ဇော်၊ ဖိုးတုတ်

logo