Menu

You are here

နိုင်းဝမ်းရဲ့ Lexus SC 430

အခုတစ်ပတ်အနုပညာရှင်နဲ့ ကားကဏ္ဍမှာတော့ အဆိုတော်နိုင်းဝမ်းရဲ့ လက်ရှိစီးဖြစ်နေတဲ့ ကားအမျိုးအစားနဲ့ ၎င်းရဲ့ ကားနဲ့ပတ် သက်တဲ့ အကြောင်းအရာတချို့ကို မေးမြန်းပေးထားပါတယ်။

ပထမဆုံးအနေနဲ့ ကိုနိုင်းဝမ်းရဲ့ လက်ရှိစီးဖြစ်နေတဲ့ ကားအမျိုးအစားကို ပြောပြပေးပါ။

ကျွန်တော် လတ်တလောစီး နေတဲ့ကားက Lexus SC 430  ပါ။ ဒီကားကိုစီးတာတော့ နှစ်လ လောက်ရှိပါပြီ။

ဒီကားကိုဘာကြောင့် ရွေးချယ်စီး ဖြစ်ခဲ့တယ်ဆိုတာကိုလည်း ပြော ပြပေးပါ။

ပထမ ကျွန်တော်စီးတဲ့ကား က Honda Civic 1.3 Hybrid ကားပါ။ အဲဒါလေးကို ပြိုင်ကားပုံစံ လေးဆင်ပြီး စီးတယ်။ ရန်ကုန်မှာ စီးတာတော့ အဆင်ပြေတယ်။ အင်ဂျင်ပါဝါ 1.3 က ရန်ကုန်မှာ ပြဿနာမရှိဘူး။ နယ်ရှိုးတွေသွားတဲ့အခါကျရင် 1.3 အင်ဂျင်နဲ့ က Hybrid တောင်တက်ခရီးတွေသွားရင် သိပ်အဆင်မပြေဘူး။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းတက်တဲ့ အချိန်ကျရင် 1.3 ကားနဲ့ Hybrid ဘက်ထရီကလည်း ၂ နှစ်လောက်စီးလာတော့ ကြာလာတဲ့အချိန်မှာ မီးတွေလင်းလာတာတွေ ဖြစ်လာတယ်။ ဘက်ထရီ အသစ်လဲဖို့ကလည်း အဆင်မပြေဘူး။ အဲဒါနဲ့ ဒီကားစီးဖြစ်တာ။ ဒီ ကားက ဆီတော့စားတယ်။ ဒါပေမဲ့ ဘယ်သွားသွား အင်ဂျင်ပါဝါကလည်း 4.3 ဆိုတော့ ဘယ် တောင်တက်ခရီးဖြစ်ဖြစ်၊ မြေပြန့်ခရီးဖြစ်ဖြစ် ကောင်းကောင်းမွန် မွန် သွားလို့ရတယ်။ ဒါကြောင့် ဒီကားလေးကို ပြောင်းစီးဖြစ်တာပါ။

ဒီကားစီးတဲ့အခါမှာ အဆင်ပြေတဲ့ အချက်နဲ့ အဆင်မပြေတဲ့အချက် တွေကကော ဘာတွေဖြစ်မလဲ။

 အဆင်ပြေတဲ့အချက်က တော့ ကျွန်တော်ခုနကပြောသလို အင်ဂျင်ပါဝါကြီးတဲ့အတွက် ခရီး သွားရင် Highway တွေကျရင် ဆီကသက်သာတယ်။ တောင်တက်လမ်းတွေဆိုရင် အင်ဂျင်ပါဝါသေးတဲ့ကားဆိုရင် လီဗာက ခေါ်ခေါ်ပြီးနင်းရတယ်။ ဒီကားနဲ့ကျတော့ ဘယ်လောက်ပဲမတ်တဲ့ တောင်ဖြစ်ဖြစ် အေးအေးဆေးဆေး မောင်းသွားလို့ရတယ်။ စတီယာရင်တိုင်တွေကလည်း 1.3 ကားတွေနဲ့ ကွာတယ်။ ဒီကားကမောင်းရတာ လေးလေးပင်ပင်ရှိတယ်။ မိန်းကလေးတွေများသောအားဖြင့်က 1.3 ကို ပိုကြိုက်ကြတယ်။ Hondaတွေက ပေါ့တယ်။ကျွန်တော်ကျတော့ ပေါ့နေတဲ့ အခါကျတော့ စိတ်ထဲမှာ ကားနဲ့မတူဘူးလို့ ခံစားရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကစားတဲ့ကားတွေလိုဖြစ်နေတယ်။ ဒီကားက အဓိကအားသာချက်က  နယ်ဝေးပါပဲ။ ရန်ကုန်မှာကျတော့  ကားက တအားပိတ်တဲ့အခါကျ တော့  ဆီစားတယ်။

ကားကိုအလှဆင်ဖြစ်တဲ့အပိုင်း တွေကောရှိပါလား။

ကျွန်တော် အလှဆင်ဖို့ရှိပါ တယ်။ ရှေ့ဖုံးရဲ့ ဘေးဘယ်ညာ အကုန်လုံးကို Skerth တွေ ဆင်ဖို့မှာထားတာရှိပါတယ်။ ဒါပေမဲ့ ဒီကားက ၀ယ်ထားတာ နှစ်လတောင်မပြည့်သေးဘူး။ နယ်ရှိုးတွေကလည်း တောက်လျှောက်  သွားနေရတော့ ကားကို အာရုံ မစိုက်ဖြစ်ဘူး ဖြစ်နေတာ။ အခုတစ်ခေါက် ခရီးသွားပြီး ပြန်လာမှပဲ အလှဆင်ဖို့လုပ်မယ်။ အရောင် လေးကိုတော့ ဒီအတိုင်းထားမယ်။ ငယ်ငယ်ကတော့ စတစ်ကာတွေဘာတွေ ကပ်ပြီးစီးရတာ ကြိုက်တယ်။ ပါဝါအိတ်ဇောတွေ ထပ်တယ်။ အခုတော့မလုပ်ဖြစ်တော့ဘူး။ အသက်အရွယ်ကြီးလာ တော့ စိတ်ကလည်းမတူတော့ဘူး ထင်တယ်။ ငယ်ငယ်ကတော့ Bling Bling တွေ လုပ်တယ်။ အခု တော့ မလုပ်ချင်တော့ပါဘူး။

စိတ်ကူးထဲကနေ နောက်ထပ်စီး ချင်တဲ့ ကားအမျိုးအစားရှိရင်လည်း ပြောပြပေးပါ။

ကျွန်တော်က ဆလွန်းပုံစံပဲကြိုက်တယ်။ ဆလွန်းထဲမှာပဲ ကျွန်တော် အရမ်းစီးချင်နေတဲ့ ကားတွေရှိတယ်။ ပြောမယ်ဆိုရင် ပြောမကုန်ဘူး။ ပြီးတော့ အမိုးပွင့်ကားတွေကြိုက်တယ်။ ဒီထက်ပိုပြီးအဆင်ပြေလာရင် ပိုက်ဆံပိုစုဖြစ်လာရင် Ferrari အမိုးပွင့်ကားလေးစီးမယ်။  နောက်ထပ်စိတ်ကူးထဲမှာ ၀ယ်ဖို့စဉ်းစားထား တဲ့ ကားလေးက Mini Cooper (s)လေးစီးချင်တယ်။ သူက ရန်ကုန် မြို့ထဲမှာဆိုရင် ကားဆိုဒ်လေးနဲ့ လည်း စီးရတာအဆင်ပြေတယ်။ ကျွန်တော်တို့ ဟိုးငယ်ငယ်လေး ကတည်းက အီတာလျံဂျော့ရှ် ရုပ်ရှင်စကြည့်ပြီးကတည်းက ရေမြောင်းထဲကအစ သွားကြတာလေးတွေ အဲဒီကတည်းက လိုချင် တာ။ ကိုယ်က အခုကျတော့ အလုပ်တစ်ဖက်နဲ့ ကားသုံးနေရ တာကျတော့ ခရီးသွားရင် ပစ္စည်း တင်တာ၊ လူပိုခေါ်သွားတာဆို တော့ကျဉ်းလို့မစီးဖြစ်သေးတာ။ အဲဒီ ကားလေးစီးဖို့လည်း ရည်ရွယ်ထားပါတယ်။

ဒီကားစီးတဲ့အခါမှာကော တခြားကားတွေနဲ့ ဘာတွေကွာခြား တယ်လို့ ခံစားရလဲ။

ကျွန်တော်တို့က များသောအားဖြင့် သီချင်းလုပ်လည်း အိမ် ထဲမှာ၊ တစ်ချိန်လုံး အလုံပိတ်ခန်း ထဲမှာ သီချင်းထိုင်ရေး၊ စတူဒီယို သွားရင်လည်း အလုံပိတ်အခန်း ထဲမှာ ဘယ်သူမှမရှိတဲ့ အခန်းထဲ မှာ တစ်ချိန်လုံးအလုံပိတ်ခံရတာ များတယ်။ ကျွန်တော် ကားစီးရင် လည်း အရင်ကစီးခဲ့တဲ့ကားတွေ အကုန်လုံးက အလုံပိတ်ဆိုတော့ အဲဒီအလုံပိတ်ခံထားရတဲ့အခြေ အနေကို ငြီးငွေ့တော့ ဒီကား လေး စပြီးဝယ်ဖြစ်တဲ့အချိန်ကတည်းက ညပိုင်းလူရှင်းတဲ့အချိန်ဆို အမိုးဖွင့်တယ်။ ကားအရမ်းများတဲ့အ ချိန် နေမပူပေမယ့်လည်း ကားအိတ်ဇောအပူငွေ့တွေ မခံစားနိုင် ဘူး။ အဲဒီအချိန်ဆိုရင်တော့ အမိုးပိတ်ပြီးပဲမောင်းတယ်။ တခြား ညပိုင်းအချိန် သူငယ်ချင်းတွေနဲ့Night Out ထွက်တဲ့အချိန်ဆိုရင် တော့ အမိုးလေးဖွင့်ပြီး ပေါ့ပေါ့ပါးပါးသွားတယ်။ တစ်ခါတလေ ကျရင် သူငယ်ချင်းတွေကိုမောင်း ခိုင်းပြီးတော့ ကျွန်တော်နောက် ခန်းကနေ မတ်တတ်ရပ်ပြီး စီးတယ်။ ရှင်လောင်းလှည့်နေသလို ပေါ့။ ဒီကားလေးကစီးရတာ စိတ် လွတ်ကိုယ်လွတ် အပန်းဖြေလို့ရ  တယ်လို့ ထင်တယ်။

ဒီကားနဲ့ အသွားချင်ဆုံး၊ အမောင်းချင်ဆုံးနေရာရှိရင်လည်း ပြောပြပေးပါ။

ကျွန်တော် ဒီကားလေးနဲ့ ငွေ ဆောင်သွားဖို့ စဉ်းစားထားတယ်။ မနေ့ညကပဲ သွားဖို့စဉ်းစားနေ တာ။ အခုတော့ ရုတ်တရက် တောင်သာမှာ စတိတ်ရှိုးဆိုဖို့ရှိ လာလို့ အဲဒီကအပြန် မြိတ်သွားပြီးမှပဲ သွားတော့မယ်။ မြိတ်ဆိုလည်းပိုတောင်သွားချင်သေးတယ်။ ဒီ ကားနဲ့ကျတော့ မြိတ်အထိ သွားဖို့က အရမ်းဝေးတော့ မဖြစ်နိုင်သေးဘူး။ ကိုယ်တစ်ယောက်တည်းပဲ သွားမှာဆိုတော့ ဒါကြောင့် ငွေ ဆောင်ကိုပဲ သွားဖြစ်မှာပါ။

ကားမောင်းနေတဲ့သူတွေအတွက် အကြံပြုစကားပြောပေးပါဦး။

အဓိကကတော့ ယာဉ်စည်း ကမ်းကို တကယ်တိတိကျကျနား လည်ပြီဆိုမှ ကားပေါ်တက်ပြီး မောင်းတာပိုကောင်းပါတယ်။ ဒါက ကျွန်တော် အကြံဉာဏ်ပေးတာ ပါ။ နယ်တွေမှာဆိုရင် ဆိုင်ကယ် စီးကြတယ်။ နောက်ကြည့်မှန်ဆို တာ ယာဉ်အန္တရာယ်ကင်းဖို့ ကိုယ့်အတွက်ရော၊ သူများအတွက်ရော ထားတာ။ ဒါကို နောက်ကြည့်မှန်ကို မသုံးကြဘူး။ ဆိုင်ကယ်တွေဆိုရင် တပ်ရင်မလှဘူးဆိုပြီး အဲဒီလိုအယူစွဲရှိတယ်။ မြို့တိုင်းနီးပါးပါ ပဲ။ ဆိုင်ကယ်တွေဆို နောက်ကြည့် မှန်မတပ်တာတွေ အများကြီးရှိတယ်။ သူတို့က ဆိုင်ကယ်စီးရင်းနဲ့ ခေါင်းလှည့်ပြီး နောက်ကိုကြည့်တယ်။ ဆိုင်ကယ်မှာကျတော့ အဲဒီလိုကြည့်တာ သိပ်ပြဿနာမရှိဘူး။ကားမှာကျတော့ လေးထောင့်ပုံစံ ကြီးမှာ ထိုင်မောင်းနေရင်း ခေါင်း လှည့်ကြည့်ရင် တိုက်ဖို့ပဲရှိတယ်။ ဆိုင်ကယ်ကနေ ကားစမောင်းပြီ ဆိုတဲ့သူတွေအတွက် နောက် ကြည့်မှန် ကြည့်တတ်တဲ့အကျင့် လေး သေချာလုပ်စေချင်တယ်ဗျ။ Highway သွားရင်လည်း အရမ်းအန္တရာယ်များတယ်။ ကျွန်တော်တို့ တစ်ခါတလေ ကိုယ့်လမ်းကိုယ်သွားနေတယ် သူတို့က ဘယ် ကပ်၊ ညာကပ်ကို နောက်ကြည့်မှန် မကြည့်ဘဲလုပ်တော့ ကိုယ်ကအရှိန်ကများနေရင် ၀င်တိုက်နိုင် တယ်။ အသက်အန္တရာယ် အများကြီးစိုးရိမ်ရတယ်။ ဒါက နောက်ကြည့်မှန်ကိစ္စပေါ့။ ရန်ကုန်မှာ ကားတအားကျပ်တယ်။ ယာဉ်စည်းကမ်းအတိုင်း လိုင်းတွေပေးထားတယ်။ ဒါပေမဲ့ နောက်ကြည့် မှန်မကြည့်ဘဲ ကားတွေ ဟိုဘက် လိုင်း၊ ဒီဘက်လိုင်းကူးရင်းနဲ့ ကားတွေတိုက်တာရှိတယ်။ ဒါကြောင့်နောက်ကြည့်မှန် ကိစ္စလေးကို တော့ တကယ်အယူမလွဲကြဖို့ပါ။ တကယ်လိုအပ်လို့ တစ်ကမ္ဘာလုံးက ယာဉ်တွေမှာ တပ်ထားပေးတာ။ အဲဒါကို ဖြုတ်ပြီးတော့ မစီးကြပါနဲ့လို့၊ ကိုယ့်အသက်ကိုယ် တန်ဖိုးထားကြပါလို့ အကြံဉာဏ် ပေးချင်ပါတယ်။ Highway သွား ရင်လည်း အဓိကက ကားအောက်ပိုင်းနဲ့ ကားတာယာကို တချို့ကျ တော့ တာယာကောင်းရင် ဘာမှမဖြစ်ကြဘူးထင်တယ်။ အရှိန်နဲ့ သွားရင် အကွေ့တွေဆိုရင် အောက်က ရှော့ဘားတွေ မကောင်းဘူးဆိုရင် ကားကလူးပြီးပါသွားတာမျိုး ရှိတတ်တော့ အောက်ပိုင်းလည်း သေချာဂရု တစိုက်ပြင်ပြီးမှ ခရီးထွက်စေချင် တယ်။ အခုက အမြန်လမ်းက တအားအန္တရာယ်များတယ်။ လူ တိုင်လည်းသိနေတာပဲ။ ဒါကြောင့်ကိုယ့်ကားကို ချစ်စေချင်တယ်။ ဒီခေတ်မှာကားပေါ့။ ဟိုးအရင် ရှေးခေတ်ကတည်းက ကိုယ်စီးတဲ့မြင်းတွေ၊ ဆင်တွေကို ချစ်ကြတယ်လေ။ ကိုယ့်ကားကိုလည်း ချစ်စေချင်တယ်။ ကျွန်တော့်ကားကိုထိရင်လည်း တစ်စက်မှ မကြိုက်ဘူး။ အဲဒီလိုကိုယ့်ကား ကိုယ်တန်ဖိုးထားပြီး ကိုယ့်အသက်ကိုယ်တန်ဖိုးထားတဲ့အနေနဲ့ ယာဉ်စည်းကမ်းကို လိုက်နာစေချင်တယ်။

ကျေးဇူးတင်ပါတယ်။

 __ဖြူဖွေးသန့်

logo